Sun Tzu
Art Of War
( စစ်တိုက်ခြင်းအနုပညာ )

The Art of War သည် ဆွန်ဇု၏ စစ်ဆင်ရေး မဟာဗျူဟာ စာအုပ် ဖြစ်သည် ။ ဆွန်ဇု အသေးစိတ် ရှင်းပြထားသော မူ စည်းမျဉ်းများကို အလွန်ထက်မြက်သော အာရှမဟာ ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် မော်စီတုန်း Giap နဲ့ ယာမာမိုတို တို့က အကျိုးရှိရှိ အသုံးချခဲ့ကြသည် ။ ဂျပန် ကုမ္မဏီများကလည်း သူတို့၏ အဓိက အလုပ်အမှုဆောင်များအား ထိုစာအုပ်ဖတ်ဖို့ ညွှန်းကြသည် ။ ထို့ထက် ယခုအခါတွင် အနောက်ကမ္ဘာမှ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တခြားသော ကုန်သည်ကြီးများကလည်း ပြိုင်ဆိုင်ရမည့် အခြေအနေမျိုး၌ စိတ်ဓါတ်လှုံ့ဆော်မှု နှင့် အကြံကောင်း ဥာဏ်ကောင်းများ ရရှိနိုင်ရေးအတွက် ထိုစာအုပ်ဘက် လှည့်လာကြပြီ ဖြစ်သည် ။ ပထမ ထောင်စုနှစ်၏ အလယ်ကာလတွင် တရုတ်စစ်ဗိုလ်ကြီး ဆွန်ဇုသည် ပထမဆုံးသော စစ်ရေးအက်ဆေး စာတွဲများကို ရေးသားခဲ့သည် ။ ဆွန်ဇု၏သြဇာ ဆွန်ဇု၏အတွေး ဆွန်ဇု၏မဟာဗျူဟာများသည် ယနေ့အထိ ကမ္ဘာ့အနှံ့အပြားတွင် ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည် ။

၁ ။
စစ်ရေးဆိုင်ရာ ပမာဏတွက်ချက်ခြင်း
( Initial Estimations )

စစ်ဆင်ရေးသည် နိုင်ငံတော်၏ အရေးအကြီးဆုံး ကိစ္စတစ်ရပ် ဖြစ်သည် ။ သေရေးရှင်ရေး အတွက် အခြေခံ ဖြစ်သည် ။ နိုင်ငံတော်တည်တံ့ခိုင်မြဲရေး နှင့် ပျက်သုဉ်းရေး နှင့် သက်ဆိုင်သည် ။ စစ်ဆင်ရေးကိစ္စကို စေ့စေ့စပ်စပ် စဉ်းစားရမည် ။ ခွဲခြမ်းစိတ်ဖြာ လေ့လာရမည် ။
***
ထို့ကြောင့် စစ်ဆင်ရေးကို အောက်ပါ အခြေခံအချက်ကြီး ငါးချက်အပေါ် အခြေပြု တည်ဆောက်ရမည် ။ ဆင်ခြင်စဉ်းစား တွက်ချက်ပြီး နှိုင်းယှဉ် တန်ဖိုးဖြတ်ရမည် ။ သဘော သဘာဝ အစစ်အမှန် ရှာကြရမည် ။
ပထမ အခြေခံအချက်မှာ စိတ်ဓါတ်ရေးရာ
ဒုတိယ အခြေခံအချက်မှာ ကာလ ( တစ်နည်းအားဖြင့် ) သဘာဝအခြေအနေ
တတိယ အခြေခံအချက်မှာ ဒေသ သို့မဟုတ် မြေပြင်အနေအထား
စတုတ္ထ အခြေခံအချက်မှာ လူပုဂ္ဂိုလ် ( စစ်သူကြီးများ )
ပဉ္စမ အခြေခံအချက်မှာ စစ်တပ် ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်း ဥပဒေတို့ ဖြစ်ကြသည် ။
စိတ်ဓါတ်ရေးရာ ဟုဆိုရာတွင် ပြည်သူသည် နိုင်ငံအုပ်စိုးသူ နှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေရမည် ။ သေစရာရှိလျှင် အတူသေကြမည် ။ ရှင်စရာရှိလျှင် အတူရှင်ကြမည် ။ မည်သည့်အရာကိုမျှလည်း စိုးရိမ်ကြောက်ရွံမှု မရှိတတ်ချေ ။
စစ်ရေးဆင်နွှဲရာတွင် နွေရာသီ၏ပူပြင်းမှု မိုးရာသီ၏စွတ်စိုထိုင်းမှိုင်းမှု ဆောင်းရာသီ၏အေးမြမှု သဘော သဘာဝကိုလည်း ထည့်သွင်းတွက်ချက်ရပေသည် ။
မြေပြင်အနေအထားဟု ဆိုရာတွင် ခရီးအကွာအဝေး အသွားအလာလွယ်ကူမှု ခက်ခဲပင်ပန်းရမည့် တိုက်ပွဲဆင်မည့် မြေမျက်နှာပြင် အနေအထားကို ကြိုတင်လေ့လာ တွက်ချက်ထားရမည်ဟု ဆိုလိုသည် ။
စစ်ဆင်ရေးကို ကွပ်ကဲမည့် စစ်သူကြီးသည် ဥာဏ်ပညာ ကြီးမားရမည် ။ ယုံကြည်အားကိုးနိုင်ရမည် ။ စာနာထောက်ထားတတ်ရမည် ။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံရမည် ။ စစ်စည်းကမ်းကို အတိအကျ လိုက်နာကျင့်သုံးတတ်ရမည် ။
စစ်တပ်ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်းများလည်း ကောင်းမွန်မှန်ကန်ရမည် ။ ကြီးကြပ်ကွပ်ကဲတတ်ရမည် ။ ထောက်ပံ့ရေး အုပ်ချုပ်စီမံမှု ကောင်းရမည် ။
အထက်ပါ အခြေခံအချက်ကြီး ငါးရပ်ကို အသိပညာ နားမလည်သူ စစ်သူကြီး ဟူ၍ တစ်ဦးမျှမရှိချေ ။ အခြေခံအချက်ကြီး ငါးရပ်ကို သိနားလည်သူတို့ အောင်ပွဲခံနိုင်လိမ့်မည် ။ နားမလည်သူတို့ အရှုံးနှင့် ရင်ဆိုင်ရလိမ့်မည် ။
စစ်ဆင်ရေးနှင့် ပတ်သက်၍ နှိုင်းယှဉ်အကဲဖြတ်ရာတွင် မည်သည့်နိုင်ငံ အကြီးအကဲသည် ပြည်သူတို့နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိသနည်း ။ မည်သည့် စစ်သူကြီးလျှင် အရည်အသွေး သာသနည်း ။ မည်သည့်တပ်က ရာသီဥတု အခြေအနေနှင့် မြေပြင်အနေအထားကို ကောင်းစွာ အသုံးချတတ်သနည်း ။ မည်သည့်ဘက်က အရပ်အင်အား ပိုသနည်း ။ မည်သည့်ဘက်က စစ်သူကြီးများနှင့် စစ်သည်တော်များသည် ကောင်းစွာ လေ့ကျင့်မှု ပြုခဲ့ကြသနည်း ။ ဆုပေးဒဏ်ပေးစနစ်ကို မည်သည့်ဘက်က ပိုမို ပြတ်သားစွာ ကျင့်သုံးတတ်သနည်း ။
အထက်ပါအချက်များကို နှိုင်းယှဉ်၍ ကြည့်ရှုတတ်၏ ။ မည်သည့်ဘက်က နိုင်ပြီး မည်သည့်ဘက်က ရှုံးမည်ကို ကောင်းစွာ သဘောပေါက်နိုင်လိမ့်မည် ။
***
အကယ်၍ စစ်သူကြီးတစ်ဦးသည် စစ်ရေးဆိုင်ရာ ပဏာမတွက်ချက်မှု တတ်မြောက်ပါက အောင်ပွဲခံနိုင်လိမ့်မည် ။ ထိုသို့သော စစ်သူကြီးမျိုးကို ထားရှိသင့်သည် ။ စစ်ရေးဆိုင်ရာ ပဏာမတွက်ချက်မှု မတတ်မြောက်ပါက အရှုံးနှင့် ရင်ဆိုင်ရမည် ။ ထိုစစ်သူကြီးမျိုးကို ထုတ်ပယ်ပစ်ရမည် ။
***
မိမိတို့ ကြားသိထားသော စစ်မြေပြင်တွင် အခွင့်အရေး သာနိုင်မည့် အချက်များကို ခန့်မှန်းပြီးနောက် စစ်မြေပြင်နည်းဗျူဟာများ အထောက်အကူပြုမည့် မဟာဗျူဟာအဖြစ် ရယူကျင့်သုံးရမည် ။ ဗျူဟာကို ဟန်ချက်ညီစွာ ထိန်းသိမ်းပြီး ရည်ရွယ်ချက် အကောင်အထည် ပေါ်လာအောင် ဆောင်ရွက်ရမည် ဖြစ်သည် ။
***
စစ်ဆင်ရေး ဟူသည်မှာ လှည့်စားခြင်း သဘောတရားအပေါ် အခြေခံသည် ။ ထို့ကြောင့် စွမ်းအားကြီးမားသော်လည်း အင်အားချည့်နဲ့နေဟန် ပြုရမည် ။ တပ်များချထားရာ၌ ထက်မြက် သွက်လက်မှုရှိသော်လည်း မလှုပ်မရှက် ဖြစ်နေဟန် ဆောင်ရမည် ။ ရည်မှန်းချက်နေရာနှင့် နီးနေချိန်တွင် ရန်သူအနေဖြင့် ဝေးနေသေးသည်ဟု ယူဆစေရမည် ။ ရည်မှန်းချက်နှင့် ဝေးရာနေရာတွင် ရောက်နေသော်လည်း ရန်သူဘက်က မိမိတို့ ရောက်နေပြီဟု ယုံကြည်အောင် ပြုရမည် ။ ရန်သူကို ငါးစာပြ၍ မျှားခေါ်ရမည် ။ ရန်သူ့တပ်အတွင်း ညီညွတ်မှု မရှိအောင် ပြုလုပ်ပြီး သိမ်းသွင်းရမည် ။ အကယ်၍ ရန်သူဘက်က စုစုစည်းစည်း ဖြစ်နေလျှင် မိမိဘက်က အသင့်ပြင်ထားရမည် ။ ရန်သူဘက်က အားကောင်းနေလျှင် ရင်မဆိုင်ဘဲ ရှောင်ရမည် ။ ရန်သူဘက်က ဒေါသထွက်နေလျှင် စိတ်ပိုရှုပ်အောင် ပြုရမည် ။ ရန်သူဘက်က ဘဝင်မြင့် မောက်မာနေခဲ့လျှင် ပိုမို မောက်မာအောင် မြှောက်ပင့်ပေးရမည် ။ ရန်သူတို့ အေးဆေးသက်သာစွာ နေကြလျှင် အေးဆေးသက်သာစွာ မနေနိုင်အောင် ဒုက္ခပေးပြီး နွမ်းနယ်နေစေရမည် ။ ရန်သူ စည်းလုံးညီညွတ်နေလျှင် နည်းအမျိုးမျိုးသုံးကာ ဖြိုခွင်းရမည် ။ ရန်သူဘက်က အဆင်သင့် မဖြစ်သေးသော နေရာမျိုးကို ရွေးပြီး တိုက်ခိုက်ရမည် ။ ရန်သူ မမျှော်လင့်သောဘက်မှ တိုက်ခိုက်ရမည် ။ ဤသည်ပင် အောင်ပွဲခံ စစ်မဟာဗျူဟာရှင်များ၏ နည်းလမ်းများ ဖြစ်သည် ။ မည်သို့မျှ မဆောင်ရွက်နိုင်သေးမီ သိုသိပ်စွာ လျှို့ဝှက်ထားရမည် ။
***
စစ်မထွက်မီ မိမိအောင်ပွဲခံနိုင်မည်ဟု ယုံကြည်ထားလျှင် အခွင့်အလမ်းကောင်းများ တွေ့ရှိပြီး တိုက်ပွဲတိုင်းနိုင်လိမ့်မည် ။ စစ်မထွက်မီကပင် ရှုံးမှာပဲဟု ခံယူထားလျှင် အခွင့်အလမ်းများ ပိတ်သွားပြီး အရှုံးကြီး ရှုံးရလိမ့်မည် ။ မိမိဘက်က အားသာချက် မတွေ့ဘဲ စစ်ဆင်ခဲ့သော် မရှုံးဘဲ နေပါတော့မည်လော ။ ထို့ကြောင့် စီမံမှုမရှိ ပြင်ဆင်မှုမရှိဘဲ စစ်ဆင်နွှဲပါက အရှုံးအနိုင် မည်သည်က ဖြစ်ဖို့များသည်ကို တွေ့ရလိမ့်မည် ။
***

၂ ။
စစ်ဆင်နွှဲခြင်း
( Waging War )

စစ်သည်တော်များဖြင့် စစ်ပွဲဆင်နွှဲရာတွင် စစ်ပွဲသည် ရက်ပေါင်းများစွာ ကြာညောင်းပါက လက်နက်များ တုံးသွားလိမ့်မည် ။ စစ်သည်များလည်း စိတ်ဓါတ်ကျဆင်းသွားလိမ့်မည် ။ ရန်သူ့ မြို့ရွာများကို တိုက်ခိုက်ပါက ခွန်အားများ လျော့နည်းလိမ့်မည် ။ မိမိတို့ လက်နက်များ တုံးသွားပြီး စစ်သည်များ စိတ်ဓါတ်ကျဆင်းသွားပါက လက်အောက်ခံ နယ်ပယ်များသည် မိမိနိုင်ငံတော်ကြီး၏ အင်အား လျော့ကျသွားရမှုအပေါ် အခွင့်ကောင်း ယူကြလိမ့်မည် ။ ပုန်ကန်ခြားနား ကြလိမ့်မည် ။ မိမိနိုင်ငံတွင် စစ်သူကြီးကောင်းများစွာ ရှိနေသည့်တိုင် သူတို့လည်း မည်သို့မျှ တတ်နိုင်ကြတော့မည် မဟုတ်ပေ ။ အရှိန်အဟုန်ပြင်းစွာ ချီတက်တိုက်ခိုက်နိုင်လင့်ကစား ရေရှည် စစ်ဆင်နွှဲနိုင်ရန် ကျွမ်းကျင်မှု မရှိတတ်ကြပေ ။ ရေရှည်စစ်ဆင်နွှဲ၍ မည်သည့်နိုင်ငံမျှ အကျိုးအမြတ် ထွက်ခဲ့သည် မရှိဖူးချေ ။ စစ်သည်တော်များကို စေလွှတ်တိုက်ခိုက်ခိုင်းရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများအကြောင်း နှံ့နှံ့စပ်စပ် သိနားလည်မှု မရှိသူသည် စစ်ဆင်ရေးမှ ရရှိအပ်သော အဓိက အကျိုးကျေးဇူးများကို စစ်မှန်စွာ မသိသူပင် ဖြစ်၏ ။
***
စစ်ဆင်ရေး၌ တတ်သိ ကျွမ်းကျင်သူတို့သည် ပြည်သူလူထုအား နှစ်ကြိမ်နှစ်ခါ အာဏာဖြင့် ဆင့်ခေါ် စုဆောင်း စစ်မှုထမ်းခိုင်းခြင်း မပြုတတ်ပေ ။ စားနပ်ရိက္ခာများကိုလည်း သုံးကြိမ်သုံးခါ ကောက်ယူ စုဆောင်းခြင်း မပြုတတ်ကြချေ ။ မိမိနိုင်ငံအတွင်းမှ လက်နက် ခဲယမ်းမီးကျောက်များ အလုံအလောက် ယူလာပြီး ရန်သူဘက်မှ ရိက္ခာကို တိုက်ခိုက် သိမ်းယူခြင်းဖြင့် မိမိစစ်သည်တော်များအတွက် ရိက္ခာပေါပေါများများ ရစေတတ်သည် ။ စစ်မြေပြင်ဝေးသည်နှင့်အမျှ ရပ်ဝေးသို့ ရိက္ခာပစ္စည်း ပေးပို့ရပါက မိမိနိုင်ငံ စီးပွားရေး ထိခိုက်စေနိုင်သည် ။ ရပ်ဝေးသို့ ရိက္ခာပစ္စည်းများ ပေးပို့ရပါက ပြည်သူလူထုအပေါင်း များစွာအတွက် စားဝတ်နေရေးကို ထိခိုက်စေနိုင်လေသည် ။ စစ်သည်တော်များနှင့် နီးကပ်သော ဒေသနေသူတို့က မိမိတို့၏ ကုန်ပစ္စည်းများကို အမြတ်တင်ရောင်းကြလိမ့်မည် ။ ဒေသခံများမှာ ကုန်ပစ္စည်းဈေးကြီးလွန်း၍ စီးပွားရေးအရ အခက်ကြုံကြလိမ့်မည် ။ ထိုသို့သော စီးပွားရေးအခက်ကြုံရသည့် နေရာမျိုးတွင် စစ်သည်တော်များအတွက် ရိက္ခာပစ္စည်းထောက်ပံ့ရန် အတင်းအဓမ္မ ဆောင်ရွက်ခြင်းများ ဖြစ်ကြရမည် ။
***
မိမိ၏ စစ်သည်တော်များ အနေဖြင့် ရန်သူများအား သတ်ဖြတ်ချင်စိတ် ပေါ်လာစေရန် အမျက် ဒေါသက ဖန်တီးစေ့ဆော်လျက်ရှိ၏ ။
***
စစ်သည်တော်များသည် အောင်ပွဲခံနိုင်မှုအပေါ် တန်ဖိုးထားသည် ။ ရေရှည် စစ်တိုက်ခိုက်ရမှုကို တန်ဖိုးမထားတတ်ကြချေ ။ သို့ဖြစ်သည့် အားလျော်စွာ စစ်ပညာ နားလည်တတ်ကျွမ်းသော စစ်သူကြီးဟူသည် ပြည်သူတို့၏ ကံကြမ္မာ အဆိုးအကောင်းကို ဖန်တီးပေးနိုင်သူပင် ဖြစ်၏ ။ နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အန္တရာယ်ကြီးမားမှု ရှောင်လွှဲပေးရေးအတွက် အဆုံးအဖြတ်ပေးနိုင်သူပင် ဖြစ်ပေသည် ။
***

၃။
ထိုးစစ်ဆင်ရန် စီမံခြင်း
( Planning Offensives )

ယေဘုယျအားဖြင့် တိုင်းပြည်တစ်ပြည်ကို မတိုက်ခိုက်ဘဲ ရယူ ထိန်းသိမ်းနိုင်လျှင် အကောင်းဆုံး ဖြစ်သည် ။ ရန်သူ၏ မြို့တော်ကို ဖျက်ဆီးပစ်နိုင်လျှင် ဒုတိယအကောင်းဆုံး ဖြစ်သည် ။ ရန်သူတပ်ကို မချေမှုန်းဘဲ ဆက်လက်ထားရှိနိုင်လျှင် အကောင်းဆုံးဖြစ်သည် ။ ရန်သူတပ်ကို ချေမှုန်းပစ်လိုက်နိုင်လျှင် ဒုတိယအကောင်းဆုံး ဖြစ်သည် ။ ရန်သူ၏ တပ်ရင်းကြီးကို ဆက်လက်ထားရှိနိုင်လျှင် အကောင်းဆုံး ဖြစ်သည် ။ ဖျက်ဆီးပစ်နိုင်လျှင် ဒုတိယအကောင်းဆုံး ဖြစ်သည် ။ ရန်သူ၏ တပ်ခွဲများကို ဖျက်ဆီးမှုမပြုဘဲ ဆက်လက်ထားရှိနိုင်ပါက အကောင်းဆုံးဖြစ်သည် ။ ဖျက်ဆီးချေမှုန်းပစ်နိုင်ပါက ဒုတိယအကောင်းဆုံး ဖြစ်သည် ။ ရန်သူ၏ တပ်စု တပ်စိတ်များကို မဖျက်ဆီးဘဲ မူလအတိုင်းထားရှိနိုင်လျှင် ဒုတိယအကောင်းဆုံး ဖြစ်သည် ။ ထို့ကြောင့် တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ခံနိုင်ရေးသည် အကောင်းဆုံး အဓိကအချက် မဟုတ်ချေ ။ ရန်သူ၏ တပ်များကို မတိုက်ခိုက်ဘဲ ဒူးထောက် အညံ့ခံစေနိုင်ခြင်းသည်သာ မှန်ကန် ကောင်းမွန်သော အကောင်းဆုံးအချက်ပင် ဖြစ်သည် ။
***
ထို့ကြောင့် စစ်ပွဲ၏ အဓိက အရေးကြီးဆုံးအချက်သည် ရန်သူ၏ အစီအမံများကို တိုက်ခိုက်ဖျက်ဆီးပစ်ခြင်း ဖြစ်သည် ။ ဒုတိယ အကောင်းဆုံး အချက်မှာ ရန်သူ၏ မဟာမိတ်များကို တိုက်ခိုက်ခြင်း ဖြစ်သည် ။ တတိယအချက်မှာ ရန်သူ၏တပ်ကို တိုက်ခိုက်ချေမှုန်းတတ်ခြင်း ဖြစ်သည် ။ အနိမ့်ဆုံး ရည်မှန်းချက်မှာ ရန်သူ၏ ခံတပ်မြို့များကို တိုက်ခိုက်ဖျက်ဆီးပစ်ခြင်း ဖြစ်သည် ။ မလွှဲမရှောင်နိုင်မှသာ ရန်သူ၏ ခံတပ်မြို့ကြီးများကို တိုက်ခိုက်ရသည် ။
စစ်ဆင်မှုကျွမ်းကျင် များကို ရှုံးနိမ့်စေခြင်း မတိုက်ခိုက်ဘဲ ရန်သူ၏ ခံတပ်များကို သိမ်းပိုက်နိုင်ခြင်း အချိန်တိုတိုအတွင်း ရန်သူ့နိုင်ငံများကို ဖျက်ဆီးပစ်နိုင်ခြင်းပင် ဖြစ်သည် ။ တိုက်ခိုက်ခဲ့လျှင် မဖျက်ဆီးပစ်ဘဲ ဆက်လက်ထားရှိရေးကို ဦးစားပေးရသည် ။ ဤနည်းဖြင့် ရန်သူ့လက်နက်များသည် မပျက်မစီး ကျန်ရစ်နေလိမ့်မည် ။ ဤသည်ပင် ထိုးစစ်ဆင်ရန် စီမံချက် မဟာဗျူဟာပင် ဖြစ်သည် ။
***
ယေဘုယျအားဖြင့် မိမိ၏ တပ်အင်အားသည် ရန်သူထက် ဆယ်ဆသာနေပါက ရန်သူတပ်ကို ဝိုင်းရံရမည် ။ ငါးဆသာနေပါက ရန်သူတပ်ကို တိုက်ခိုက်ရမည် ။ အင်အားနှစ်ဆသာနေလျှင် ရန်သူကို နှစ်ဖက်ညှပ်တိုက်ရမည် ။ ရန်သူနှင့် အင်အားချင်းညီနေလျှင် တိုက်နိုင်သည် ။ ရန်သူထက် အင်အားနည်းနေလျှင် ပရိယာယ်သုံးပြီး အနိုင်ယူရမည် ။ မိမိထက် အင်အားများနေလျှင် တိုက်လိုမှတိုက်နိုင်သည် ။ သို့ဖြစ်၍ ချိန်ဆစစ်ဆင်မှု မပြုတတ်သော ရန်သူအင်အားကလေးများသည် အင်အားကြီးမားသော ရန်သူ၏ ဖမ်းဆီးမှုခံရတတ်ကြောင်း ထင်ရှားသည် ။
***
စစ်သူကြီးသည် နိုင်ငံတော်၏ အထောက်အကူ မဏ္ဍိုင်ကြီး ဖြစ်သည် ။ စစ်သူကြီး၏ စွမ်းရည် ဘက်စုံကောင်းမွန်ပါက နိုင်ငံတော် အင်အား တောင့်တင်း ခိုင်မာပေလိမ့်မည် ။ အကယ်၍ အထောက်အကူ မဏ္ဍိုင်ကြီးသည် အက်ရာ ကွဲရာများ ပေါ်လာပါက နိုင်ငံတော်ကြီး သိသိသာသာ အားနည်းသွားလိမ့်မည် ။
***
အုပ်စိုးသူကြောင့် စစ်ဆင်ရသူများ အခက်ကြုံစေနိုင်သည့် အချက်သုံးရပ် ရှိသည် ။ အုပ်စိုးသူသည် မိမိ၏တပ်များ တက်ရောက်တိုက်ခိုက်မှု မပြုသင့်ကြောင်း မသိဘဲ တက်ရောက်တိုက်ခိုက်ရန် ညွှန်ကြားခြင်း သို့မဟုတ် မဆုတ်သင့်သည်ကို မသိဘဲ ဆုတ်ခိုင်းခြင်း ဖြစ်သည် ။ ယင်းအချက်က တပ်အနေအထားကို ရှုပ်ထွေးစေသည် ။
အုပ်စိုးသူသည် နိုင်ငံအုပ်ချုပ်ရေးသာ သိနားလည်ပြီး စစ်ရေးစစ်ရာ ကိစ္စများကို နားမလည်ဘဲ ဝင်ရောက်လမ်းညွှန်ခြင်းသည် အရာရှိများအား စိတ်ရှုပ်ထွေးစေသည် ။
အုပ်စိုးသူသည် မိမိတပ်များ၏ နည်းဗျူဟာ ကွပ်ကဲမှုပြဿနာကို မချိန်မဆတတ်ဘဲ တာဝန်ပေးအပ်ခြင်းသည် အရာရှိများအား စိတ်ဒွိဟ ဖြစ်ပေါ်စေသည် ။
မိမိ၏တပ်များ စိတ်ရှုပ်ထွေးစေပြီး စိတ်ဒွိဟဝင်နေပါက ရန်သူက အခွင့်အရေး ဝင်ယူတတ်သည် ။ ဤအချက်က စနစ်တကျ မရှိသော မိမိတပ်ကို အခြားရန်သူတပ်များက အောင်ပွဲခံနိုင်ရန် ဖန်တီးပေးရာ ရောက်သည် ။
***
မိမိအောင်ပွဲခံနိုင်မှု ရှိ မရှိ စစ်တမ်းထုတ်နိုင်သည့် အချက် ငါးချက်ရှိသည် ။
မည်သည့်အချိန်တွင် နိုင်အောင် တိုက်နိုင်သည် မည်သည့်အချိန်တွင် နိုင်အောင် မတိုက်နိုင် ဟူ၍ သိခြင်းသည် အောင်ပွဲခံနိုင်ခြင်း ဖြစ်သည် ။
တပ်အင်အား အနည်းအများကို လိုအပ်သလို အသုံးချတတ်လျှင် အောင်ပွဲခံနိုင်ခြင်း ဖြစ်သည် ။
အထက် နှင့် အောက် စိတ်ဆန္ဒချင်း တူညီစွာ တိုက်ခိုက်နိုင်ခြင်းသည် အောင်ပွဲခံနိုင်ခြင်း ဖြစ်သည် ။
မိမိက အသင့်ရှိနေပြီး ရန်သူ့ဘက်က အသင့်မဖြစ်ချိန်ကို စောင့်ဆိုင်း တိုက်ခိုက်တတ်ခြင်းသည် အောင်ပွဲခံနိုင်ခြင်း ဖြစ်သည် ။
အုပ်စိုးသူ၏ ဝင်ရောက်စွက်ဖက်မှုကို မခံဘဲ စစ်သူကြီး၏ အရည်အချင်းပြည့်ဝစွာ တိုက်ခိုက်နိုင်မှုသည် အောင်ပွဲခံနိုင်မှု ဖြစ်သည် ။
အထက်ပါ အချက်ငါးချက်ကို သိထားလျှင် မုချမလွဲ အောင်ပွဲခံနိုင်လိမ့်မည် ။
ဤနည်းဖြင့် ရန်သူအကြောင်းကိုလည်း သိ၏ ။ မိမိအကြောင်းကိုလည်း သိ၏ ။ ထိုစစ်သူကြီးမျိုးသည် စစ်ပွဲတစ်ရာ တိုက်ခိုက်ရသည့်တိုင် အောင်ပွဲအလီလီ ရလိမ့်မည် ။ ရန်သူ့အကြောင်းကို မသိဘဲ မိမိအကြောင်းကိုသာ သိသူသည် တစ်ခါတစ်ရံ အောင်မြင်ပြီး တစ်ခါတစ်ရံ ရှုံးနိမ့်သွားနိုင်သည် ။ ရန်သူ့အကြောင်းလည်း မသိ မိမိအကြောင်းလည်း မသိသော စစ်သူကြီးများသည် တိုက်တိုင်း အရှုံးနှင့် ရင်ဆိုင်ရလိမ့်မည် ။
***

၎ ။
တပ်ဖွဲ့များ ဖြန့်ထားခြင်း
( Military Disposition )

ရှေးအခါက ကျွမ်းကျင်သော စစ်သူကြီးများသည် ရန်သူ မချေမှုန်းနိုင်အောင် ပထမဦးဆုံး မိမိတို့ကိုယ်ကိုမိမိတို့ တောင့်တင်းခိုင်မာအောင် စီမံထားတတ်သည် ။ ရန်သူကို အပြတ်အသတ် အနိုင်ရမည့် အချိန်အခါကို စောင့်ဆိုင်းရန် ဖြစ်သည် ။
မိမိအား ရန်သူ မချေမှုန်းနိုင်အောင် လေ့ကျင့်ပျိုးထောင်မှုသည် မိမိအပေါ်၌ တည်သည် ။ အနိုင်ရယူနိုင်မှုသည် ရန်သူအပေါ် မူတည်သည် ။
ဤနည်းဖြင့် စစ်အတတ်ပညာကျွမ်းကျင်သူတို့သည် မိမိအပေါ် အနိုင်မရရှိအောင် စီမံနိုင်သော်လည်း ရန်သူဘက်မှ ရှုံးနိမ့်သွားမှုကိုမူ မဖန်တီးနိုင်ချေ ။ ရန်သူ့အပေါ် အနိုင်ရနိုင်မည့် မဟာဗျူဟာ ရှိသော်လည်း ရန်သူရှုံးနိမ့်သွားအောင် ကျင့်သုံးနိုင်မှုမှာမူ မသေချာလှပေ ။
***
တစ်ဖက်ရန်သူအပေါ် အနိုင်ရရှိနိုင်သူသည် ခံစစ်အသွင်ကို ဆောင်တတ်သည် ။ အနိုင်ရရှိနိုင်သူသည် သွားရောက် တိုက်ခိုက်တတ်သည် ။ ယင်းအခြေအနေမျိုးတွင် ခံစစ် အနေအထားကို ယူလျှင် တပ်ဖွဲ့ဝင်အင်အား လိုအပ်ထက် ပိုလာလိမ့်မည် ။ ထိုးစစ်ဆင်ရာတွင်မူ တပ်ဖွဲ့ဝင်အင်အား လုံလောက်မှု ရှိမည် မဟုတ်ပေ ။
***
ခံစစ် အထူးကျွမ်းကျင်သူတို့သည် အထူး လျှို့ဝှက်ထားတတ်သည် ။ ထိုးစစ်ကျွမ်းကျင်သူတို့မှာ သဘာဝရာသီဥတုကို မမှုတတ်ကြချေ ။ ဤနည်းဖြင့် မိမိတို့ကိုယ်ကို မိမိတို့ ထိန်းသိမ်းကာကွယ်နိုင်ပြီး အောင်ပွဲ လုံးဝ ခံယူနိုင်ပေလိမ့်မည် ။ သာမန်လူတို့ပင်လျှင် ကြိုတင် သိမြင်နိုင်သော အောင်ပွဲမျိုးကို ခန့်မှန်းတွက်ဆနိုင်ခြင်းသည် စစ်အတတ်ပညာ ကျွမ်းကျင်ခြင်းအတွက် အထွတ်အထိပ် မဟုတ်သေးပေ ။ တိုက်ပွဲတွင် အောင်မြင်ရုံမျှ ကျွမ်းကျင်သူဟု ချီးကျူးသြဘာ ခံရရုံမျှဖြင့်လည်း စစ်အတတ်ပညာ၏ အထွတ်အထိပ်သို့ ရောက်သည် မမည်သေးပေ ။
ရှေးအစဉ်အလာအရ ရန်သူအပေါ် အလွယ်တကူ အနိုင်ရအောင် စွမ်းဆောင်နိုင်သူမျိုးကိုသာ စစ်အတတ်ပညာ၌ အမှန်တကယ် ကျွမ်းကျင်သူ ဖြစ်သည် ။ အောင်ပွဲခံနိုင်မှုများသည် စစ်သူကြီး၏ အသိပညာပြည့်စုံခြင်း ရဲစွမ်းသတ္တိ ရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာရသည်ဟု မဆိုနိုင်သော်လည်း စစ်ဆင်ရာတွင် အမှားအယွင်း ကင်းမှုကြောင့် အောင်ပွဲခံနိုင်ရခြင်းဖြစ်ကြောင်း ထင်ရှားသည် ။ အမှားမရှိနိုင်အောင် စီစဉ် ဆောင်ရွက်နိုင်သူသည် အောင်ပွဲရရှိရန် ရှေးရှု ဆောင်ရွက်နိုင်သည် ။ ရှုံးနိမ့်နေပြီဖြစ်သော ရန်သူအပေါ် အနိုင်ရစေနိုင်သည် ။
***
စစ်ရေး၌ ကျွမ်းကျင်သူတို့သည် ရန်သူ၏ အနိုင်ယူခြင်း မခံရသော အနေအထားဖြင့် အသင့်ရှိနေတတ်၏ ။ တစ်ဖက်မှလည်း ရန်သူတို့ ရှုံးနိမ့်နိုင်မည့် အခွင့်အရေးမျိုးကို လက်လွတ်မခံကြပေ ။
သို့ဖြစ်သည့်အလျောက် အောင်ပွဲခံတပ်မတော်သည် ပထမဦးစွာ အောင်ပွဲခံနိုင်မည့် အခြေအနေကို သိနားလည်ထားတတ်သည် ။
ထို့နောက်မှ တိုက်ပွဲဝင်တတ်ကြသည် ။ ရှုံးနိမ့်သွားသော တပ်မျိုး၌ ပထမဦးဆုံး တိုက်ခိုက်မှုကို ဦးစားပေးပြီးမှ အောင်ပွဲကို ရှာတတ်သည် ။
တပ်ဖွဲ့များကို ဖြန့်ချထားရာ၌ ကျွမ်းကျင်သူတို့သည် စိတ်ဓါတ် မြင့်မားအောင်ပြပြီး စစ်ဆင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မူဝါဒများကို တတ်မြောက် နားလည်သူ ဖြစ်သည် ။ ထို့ကြောင့် ထို့သို့သော စစ်သူကြီးမျိုးသည် အောင်ပွဲခံနိုင်ရေး အရှုံးပေးရေး ဟူသော အချက်နှစ်ရပ်အနက် တစ်ရပ်ရပ် ရရှိရန် ချိန်ဆ လုပ်ကိုင်တတ်သူများ ဖြစ်သည် ။
***
စစ်ဆင်ရေးစနစ်တွင် အခြေခံအချက်ကြီး ငါးရပ် ပါရှိသည် ။ ပထမအချက်မှာ အကွာအဝေး အတိုင်းအတာ ဒုတိယအချက်မှာ လိုအပ်သော တပ်ဖွဲ့အရေအတွက် ခန့်မှန်းခြင်း တတိယအချက်မှာ စစ်သည်အင်အား အရေအတွက်ကို တွက်ချက်ကြည့်ခြင်း စတုတ္ထအချက်မှာ အင်အားချင်း နှိုင်းယှဉ်ခြင်း နှင့် ပဉ္စမအချက်မှာ အောင်ပွဲခံနိုင်မည့် စီမံချက် ရေးဆွဲခြင်း ဖြစ်သည် ။
အကွာအဝေး အတိုင်းအတာသည် မြေပြင် အခြေအနေပေါ် မူတည် တွက်ချက်ရသည် ။ အကွာအဝေးတိုင်းတာမှုအရ တပ်ဖွဲ့များ၏ အရေအတွက်ကို ခန့်မှန်း တွက်ချက်နိုင်သည် ။ တပ်ဖွဲ့များ၏ အရေအတွက်ကလည်း စစ်သည်အင်အားကို တွက်ချက် သိရှိစေနိုင်သည် ။ စစ်သည်အင်အားကို တွက်ချက်နိုင်ခြင်းဖြင့် မိမိနှင့်ရန်သူ မည်သူ အင်အားသာကြောင်း တွက်ချက် သိရှိနိုင်သည် ။ အင်အားချင်း နှိုင်းယှဉ်သိရှိမှုသည် အောင်ပွဲကို အဆုံးအဖြတ် ပေးနိုင်သည် ။
***
အောင်ပွဲခံမည့် တပ်မတော်၏ တိုက်စွမ်းအားသည် တစ်အောင်စမျှသာရှိသော ရန်သူ့အပေါ်သို့ တစ်တန်မျှလေးသော ဖိအားဖြင့် ဖိနှိပ်တိုက်ခိုက်ခြင်းနှင့် တူသည် ။ ရှုံးနိမ့်သော ရန်သူသည် တစ်အောင်စမျှဖြင့် တိုက်ခိုက်မှုကို စစ်ရှုံးနိမ့်သော ရန်သူအတွက် တစ်တန်အလေးချိန်ဖြင့် ဖိနှိပ် တိုက်ခိုက်ခံရခြင်းနှင့် တူသည် ။ အောင်ပွဲခံတပ်များ၏ တိုက်ခိုက်နိုင်မှုစွမ်းအားသည် အသူတစ်ရာနက်သော ချောက်ကမ်းပါးကြီး အတွင်းသို့ ရေအရှိန်အဟုန် ရုတ်တရက် ပြင်းထန်စွာ စီးဆင်းသွားခြင်းနှင့် တူသည် ။ ဤသည်ပင် တပ်ဖွဲ့များ ဖြန့်ချထားမှု၏ မဟာဗျူဟာပင် ဖြစ်ပေသည် ။
***

၅ ။
မဟာဗျူဟာမြောက် စစ်အင်အား
( Strategic Military Power )

ယေဘုယျအားဖြင့် အင်အားကြီးမားသော တပ်ဖွဲ့ကြီးကို အုပ်ချုပ် ခန့်ခွဲရခြင်းသည် လူအင်အားနည်းသော တပ်ဖွဲ့ငယ် တစ်ခုကို အုပ်ချုပ် စီမံရခြင်းနှင့် အတူတူ ဖြစ်သည် ။ တပ်ဖွဲ့ဝင်ဦးရေကို ခွဲဝေချထားနိုင်မှုသာ အရေးကြီးသည် ။ ကြီးမားလှသော စစ်အင်အားထုကြီးကို ကွပ်ကဲ တိုက်ခိုက်ရခြင်းသည်လည်း တပ်ဖွဲ့ငယ်တစ်ခုကို ကွပ်ကဲ တိုက်ခိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည် ။ အဓိက အချက်မှာ ဖွဲ့စည်းစီစဉ်မှုနှင့် တာဝန်ခွဲဝေ ပေးအပ်မှု ဖြစ်သည် ။
***
အကယ်၍ စစ်သည်တော်တို့၏ တိုက်ခိုက်မှုသည် ကြက်ဥတစ်လုံးပေါ် ဓားသွေးကျောက်တုံးဖြင့် ထုချေရိုက်ခွဲလိုက် သကဲ့သို့ ဖြစ်သွားပါက လုပ်သင့် မလုပ်သင့် မစဉ်းစားဘဲ အင်အားသုံး ဖျက်ဆီးပစ်လိုက်ခြင်းသာ ဖြစ်သည် ။
***
စစ်သည်တော်တို့ ရှုံးနိမ့်မှု မရှိဘဲ ရန်သူတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိစေသည့် အချက်သည် သဘာဝလွန်စွမ်းအား နှင့် သဘာဝစွမ်းအား ဖြစ်သည် ။ ယေဘုယျအားဖြင့် စစ်သည်တော်များသည် သဘာဝစွမ်းအားဖြင့် တိုက်ခိုက်လာသော ရန်သူအပေါ် သဘာဝလွန်စွမ်းအားဖြင့် တိုက်ခိုက်လျှင် အောင်ပွဲခံနိုင်သည် ။ သဘာဝ ရာသီဥတု ကဲ့သို့ မကုန်နိုင် မခမ်းနိုင်ချေ ။ ယန်စီမြစ် မြစ်ဝါမြစ် များကဲ့သို့လည်း အကန့်အသတ်မရှိ အဆက်မပြတ် အသုံးပြုနိုင်သည် ။ စစ်တိုက်ရန် မဟာဗျူဟာမြောက် စစ်အင်အား ဖွဲ့စည်းရာတွင် သဘာဝစွမ်းအား သဘာဝလွန်စွမ်းအားများ မပါမပြီးချေ ။ အဆိုပါ စွမ်းအားနှစ်ရပ်ကိုလည်း လုံးလုံးလျားလျား ပြောင်းလဲနိုင်မည် မဟုတ်ပေ ။ သဘာဝစွမ်းအားနှင့် သဘာဝလွန်စွမ်းအားတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြစ်ပေါ်စေတတ်သည် ။ အဆုံးအစမဲ့ သံသရာလည်လျက် ရှိသည် ။ ကုန်ခမ်းသွားအောင် တစ်ခုနှင့်တစ်ခု မပြုနိုင်ချေ ။
***
မဟာဗျူဟာမြောက် အရှိန်အဟုန် စွမ်းအားသည် ရေထဲတွင် ကျောက်တုံးများ လွင့်စင်ပါရှိသွားမှုနှင့် တူသည် ။ တစ်ရှိန်ထိုး လုပ်ဆောင် အကျိုးသက်ရောက်မှု သဘောကို စွန်ရဲတစ်ကောင်က မိမိသားကောင်၏ အရိုးများကို တစ်ဟုန်ထိုး ဆင်းသက် သတ်ဖြတ်မှုတွင် အထင်အရှား တွေ့နိုင်သည် ။ စစ်ဆင်ရေး၌ မဟာဗျူဟာမြောက် စစ်အင်အားဖွဲ့စည်းမှုသာသူသည် ထင်ရှားပေါ်လွင်သည် ။ တားဆီးထားမှုကို တွန်းကန်ဖယ်ရှား တိုက်ခိုက်မှုများ တိကျမှု ရှိသည် ။ သူတို့၏ မဟာဗျူဟာမြောက် အရှိန်အဟုန် စွမ်းအားသည် ညှို့ကြိုးကို အပြည့်ဆွဲထားသော လေးနှင့် သဏ္ဍာန်တူသည် ။ တရှိန်ထိုး တိုက်ခိုက်မှုသည် မောင်းခလုတ် ဖြုတ်လိုက်ခြင်းနှင့် တူသည် ။ စစ်မြေပြင်သည် ဆူညံရှုပ်ထွေး၍ ရောထွေးရှုပ်ထွေးနေပုံ အသွင်ဆောင်နေသော်လည်း မိမိ၏တပ်များအား ဖရိုမရဲမဖြစ်စေဘဲ စနစ်တကျ လှုပ်ရှားတိုက်ခိုက်စေနိုင်သည် ။ ယင်းကဲ့သို့ ကွပ်ကဲမှုမပျက် စနစ်တကျ လှုပ်ရှားစေနိုင်လျှင် အရှုံးတွေ့ရလိမ့်မည် မဟုတ်ပေ ။
***

၆ ။
အားသာချက်နှင့် အားနည်းချက်
( Vacuity And Substance )

ယေဘုယျအားဖြင့် စစ်မြေပြင်ကို ဦးစွာ သိမ်းပိုက်ထားနိုင်ပြီး ရန်သူအလာကို စောင့်ဆိုင်းနိုင်ခြင်းသည် သက်သာလွယ်ကူသည် ။ စစ်မြေပြင်ကို နောက်ကျပြီးမှ သိမ်းပိုက်နိုင်ပါက ရန်သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့လျှင် တပ်အင်အား ကုန်ခမ်းသွားတတ်သည် ။ ဤနည်းဖြင့် စစ်ဆင်ရေးကျွမ်းကျင်သူသည် လက်ဦးမှု အခြေအနေကို ဖန်တီးရယူနိုင်ရမည် ။
***
ရန်သူ့တပ်များ မိမိလိုသလို ဝင်ရောက်လာစေရန် အကျိုးအမြတ်ရှိမယောင် ထင်မှတ်အောင် ဖန်တီး သိမ်းသွင်းရမည် ။ ရန်သူ ဝင်ရောက်မလာစေလိုပါက မိမိဘက်က ခြိမ်းခြောက် အန္တရာယ်ပြုနိုင်မည့် အခြေအနေကို ထင်ရှားအောင် လုပ်ရမည် ။
***
ဤနည်းဖြင့် ရန်သူတို့ သက်သက်သာသာ နားနေစဉ် မောပန်းသွားအောင် ပြုနိုင်သည် ။ ရန်သူတို့ ကောင်းမွန်စွာ စားသောက်နေရလျှင် ငတ်မွတ်အောင် လုပ်နိုင်သည် ။ ရန်သူနားနေလျှင် မနားနိုင်အောင် လှုံ့ဆော် ရန်စရမည် ။ ရန်သူတို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေနိုင်မည့် နေရာသို့ ဘွားခနဲ ပေါ်အောင် ပြုရမည် ။ ရန်သူတို့ မျှော်လင့်မထားသောနေရာသို့ အလျှင်အမြန် ချီတက်လှုပ်ရှားရမည် ။
***
မိမိ၏ တပ်များကို မမောပမ်းစေဘဲ ကီလိုမီတာ ထောင်ပေါင်းများစွာ ချီတက်စေရမည် ။ ရန်သူတို့ သိမ်းပိုက်မထားသော နယ်မြေဒေသများမှ ဖြတ်ကျော်ချီတက်ရမည် ။ အကာအကွယ် မပြုနိုင်သော ရန်သူ့စခန်းများကို တိုက်ခိုက်ရမည် ။ ရန်သူတို့ လာရောက်မတိုက်ခိုက်နိုင်လောက်သည့် နေရာကို သိမ်းပိုက်ထားရမည် ။
အကယ်၍ မိမိအနေဖြင့် ထိုးစစ်ပညာ ကျွမ်းကျင်သူဖြစ်ပါက ရန်သူသည် မည်သည့်နေရာမှ ခံစစ်ဆင်ရမှန်းပင် သိလိမ့်မည်မဟုတ်ပေ ။ မိမိဘက်က ခံစစ်အတွက် အကာအကွယ် ကောင်းနေပါက ရန်သူအနေဖြင့် မည်သည့်ဘက်မှ တိုက်ခိုက်ရမည်ကို သိလိမ့်မည် မဟုတ်ပေ ။ ရန်သူများအနေဖြင့် ကြိုတင်တွက်ဆမှု မပြုသာအောင် ပြုနိုင်ခြင်းဖြင့် ရန်သူ၏ ကံကြမ္မာကို လိုသလို ဖန်တီးခြယ်လှယ်နိုင်ပေသည် ။
***
ရန်သူတို့ မခုခံနိုင်အောင် ရန်သူအင်အား နည်းသောနေရာမှ ထိုးဖောက် တိုက်ခိုက်ရမည် ။ ဆုတ်ခွာရသည့်အခါ ရန်သူ လိုက်မမီအောင် လျှင်မြန်စွာ ဆုတ်ခွာတတ်ရမည် ။ အကယ်၍ ရန်သူ့စခန်းတွင် မြင့်မားသော နံရံတံတိုင်းများ နက်ရှိုင်းသောကျုံးများ ရှိသော်ငြားလည်း မိမိဘက်က သွားရောက်တိုက်ခိုက်သောအခါ ရန်သူသည် မလွှဲမရှောင်သာ ပြန်လည်ခုခံလိမ့်မည် ။ တိုက်ပွဲကို မိမိက ရှောင်လွှဲလိုသောအခါ ရန်သူသည် မိမိကို လာရောက် မတိုက်ခိုက်ဝံ့အောင် အကာအကွယ် ပြုထားရမည် ။
***
အကယ်၍ မိမိတပ်အင်အား မည်မျှရှိသည် မည်သည့်နေရာ၌ ရှိသည်တို့ကို ရန်သူ မသိအောင် ဖုံးကွယ်လျှို့ဝှက်ထားပြီး ရန်သူအနေအထားကို ကောင်းစွာသိလျက် စူးစူးစိုက်စိုက် ဖြိုခွဲပစ်ရမည် ။ ရန်သူတို့ ဆယ်စု ဆယ်နေရာ ကွဲလျက်ရှိရာသို့ ရန်သူ့တပ်အင်အားထက် ဆယ်ဆသာသော အင်အားနှင့် တိုက်ခိုက်ရမည် ။ မိမိဘက်က သာလွန်သောအင်အားဖြင့် ရန်သူလူနည်းစုကို တစ်စုတစ်စည်းတည်း တိုက်ခိုက်နိုင်ပါက ရန်သူ့အတွက် ကြီးမားစွာ အကြပ်အတည်း ကြုံရလိမ့်မည် ။
မိမိတပ်များက မည်သည့် စစ်မျက်နှာဘက်က ထိုးဖောက် တိုက်ခိုက်မည်ကို ရန်သူ့ဘက်က မသိစေရပေ ။ ရန်သူဘက်မှ မသိပါက ရန်သူ့အဖို့ နေရာများစွာ၌ စစ်မျက်နှာဖြန့်ခွဲကာ အသင့်ပြင်ထားကြလိမ့်မည် ။ ယင်းသို့ နေရာများစွာ လူခွဲထားရသောကြောင့် ရန်သူ့အင်အားအနည်းငယ်စီသာ ရှိလိမ့်မည် ။ နေရာတိုင်းတွင် အသင့်ဖြစ်အောင် ပြင်ဆင်ထားကြလျှင် ရန်သူ၏ နေရာတိုင်း၌ အားနည်းချက်များ ဟာကွက်များ ရှိနေပေလိမ့်မည် ။
မိမိဘက်က အင်အားနည်းသော် ရန်သူကို ရင်ဆိုင်နိုင်အောင် အသင့်ပြင်ထားရမည် ။ မိမိဘက်က အင်အားများသော် ရန်သူဘက်က လူဖြန့်ခွဲကာ အသင့်ပြင်ထားလိမ့်မည် ။
***
စနစ်တကျရှိခြင်း နှင့် ဖရိုမရဲဖြစ်ခြင်းသည် တပ်အင်အားဖွဲ့စည်းမှု ထိန်းချုပ်မှုအပေါ် မူတည်သည် ။ သွေးကြောင်ခြင်းသည် ရဲရင့်ခြင်းအပေါ် အခြေခံသည် ။ အင်အား နည်းပါးချင်ဟန်ဆောင်မှုသည် ခွန်အားအပေါ် မူတည်သည် ။ စည်းစနစ် ကျမှု မကျမှုသည် အရေအတွက်နှင့် ဆိုင်သည် ။ သတ္တိရှိခြင်းနှင့် ကြောက်ရွံမှုသည် မဟာဗျူဟာမြောက် အရှိန်အဟုန်စွမ်းအားပေါ် မူတည်သည် ။ အားသာချက် အားနည်းချက်သည် တပ်ဖွဲ့များ နေရာချထားမှု ပေါ် မူတည်သည် ။ ရန်သူကို ရွေ့လျားအောင် သွေးဆောင်ဖြားယောင်းတတ်သူသည် ရန်သူကို မိမိအလိုကျ နေရာသို့ ရောက်ရှိလာအောင် ဖန်တီးနိုင်သူ ဖြစ်သည် ။ ယင်းသို့ ပြောင်းရွှေ့လာသော ရန်သူကို အသင့် တိုက်ခိုက်ဖို့သာ ရှိသည် ။
***
စစ်ဆင်ရေးတွင် ကျွမ်းကျင်သူ တစ်ဦးသည် လူအင်အားအပေါ် မူမတည်ဘဲ မဟာဗျူဟာမြောက် အရှိန်အဟုန်စွမ်းအားဖြင့်သာ အောင်ပွဲကို ရယူတတ်သည် ။ ဤနည်းဖြင့် ကျရာလူကို ရွေးချယ်ပြီး မဟာဗျူဟာစွမ်းအား ပေးအပ်နိုင်သည် ။
***
မဟာဗျူဟာ စွမ်းအား အသုံးချတတ်သူသည် စစ်မြေပြင်တွင် စစ်သည်တော်များကို လိုသလို အသုံးပြုကြရာတွင် သစ်လုံးများနှင့် ကျောက်တုံးများကို လှိမ့်ချသည်နှင့် တူသည် ။ သစ်လုံးနှင့် ကျောက်တုံးတို့၏ သဘော သဘာဝသည် မြေပြင်တွင် တည်ငြိမ်နေပြီး အမြင့်မှ တွန်းချလိုက်သောအခါ တရှိန်ထိုး ကျဆင်းသွားသကဲ့သို့ ဖြစ်သည် ။ အဆိုပါ ပစ္စည်းမျိုးသည် လေးထောင့်ပုံစံ ဖြစ်ပါက ရပ်တန့်နေပြီး လုံးဝန်းနေပါက လိမ့်ဆင်းသွားမည် ။ ထို့ကြောင့် စစ်ဆင်ရေးတွင် တပ်သားများ စနစ်တကျ နေရာချထားနိုင်အောင် စွမ်းရည် ဥာဏ်ရည်ရှိသော စစ်သူကြီးတစ်ဦး၏ လုပ်ဆောင်မှုကို အသူတရာ နက်သည့် ချောက်ကမ်းပါးကြီးထဲသို့ ကျောင်းလုံးကြီးများ တွန်းချ လိမ့်ဆင်းသွားစေခြင်းနှင့် နှိုင်းယှဉ် သိရှိအပ်ပေသည် ။
***
တိုက်ခိုက်ရမည့် နေရာနှင့် တိုက်ခိုက်ရမည့် နေ့ရက်ကို သိပါက မိုင်ပေါင်း မည်မျှပင်ဝေးပါစေ တပ်စုစည်း ချီတက်တိုက်ခိုက်နိုင်သည် ။ တိုက်ခိုက်ရမည့်နေရာနှင့် နေ့ရက်ကို မသိပါလျှင် ဘယ်တောင်ပံက ညာတောင်ပံကို လည်းကောင်း ညာတောင်ပံက ဘယ်တောင်ပံကို လည်းကောင်း ရှေ့တန်းက နောက်တန်းကို လည်းကောင်း နောက်တန်းက ရှေ့တန်းကို လည်းကောင်း ကူညီနိုင်ဖွယ် မရှိပေ ။ ထို့ကြောင့် တိုက်ပွဲဆင်နွှဲရမည့် နေရာနှင့် အချိန်ကို သိထားမှသာ ရန်သူသည် အင်အားမည်မျှပင် များသော်လည်း လာရောက် မတိုက်ခိုက်ဝံ့အောင် ဖြစ်လိမ့်မည် ။
***
စစ်ဆင်သူသည် အရှုံးအနိုင်ကို ကြိုတင်တွက်ချက်ထား နိုင်ရမည် ။ ရန်သူကို နှိုးဆွ သွေးတိုးစမ်းလျက် သူတို့၏ ရွေ့လျားမှု အသွင်အပြင်များကို သိနိုင်အောင် ကြိုးစားရမည် ။ မိမိဘက်က အလေးသာမည့် တိုက်ပွဲစစ်မြေပြင် အနေအထားကို ဆုံးဖြတ် နားလည်ထားရမည် ။ မည်သည့်နေရာတွင် ရန်သူအင်အားများသည် နည်းသည်ကို သိရှိနိုင်အောင် ထောက်လှမ်းရမည် ။
***
မိမိဘက်က အခြေအနေကို ရန်သူတို့ မသိအောင် စီစဉ်ထားနိုင်ပါက ရန်သူ သူလျှိုများပင် သိရှိ နှောက်ယှက်လာနိုင်ဖွယ် မရှိချေ ။
***
မိမိတို့သည် ရန်သူ့အခြေအနေ သဘာဝနှင့် ကိုက်ညီ ဆီလျော်သော နည်းဗျူဟာကို ရွေးချယ် သတ်မှတ်နိုင်ခြင်းဖြင့် အောင်ပွဲခံနိုင်သည် ။ သို့ရာတွင် ယင်းသို့ အောင်ပွဲခံနိုင်ရန် စီမံဖန်တီးခဲ့ပုံကို သူတစ်ပါးမသိအောင် လျှို့ဝှက်ထားရမည် ။ အောင်ပွဲတစ်ခု ရရှိပြီးပါက နောက်တစ်ကြိမ် အနိုင်ရရှိရန် အလားတူနည်းကို အသုံးမပြုသင့်ချေ ။ ဖြစ်ပေါ်နေသော အခြေအနေနှင့် လိုက်လျောညီထွေမည့် စစ်ပွဲမဟာဗျူဟာများအနက်မှ တစ်ခုခုကို အသုံးပြုရမည် ။
***
စစ်ရေးဆိုင်ရာ အခြေခံမူသည် ရေနှင့်တူသည် ။ ရေအလျဉ်သည် အမြင့်ပိုင်းကို ရှောင်ကွင်းလျက် အနိမ့်ပိုင်းသို့ လျှင်မြန်စွာ စီးဆင်းသွားတတ်သည် ။ ရေကဲ့သို့ပင် ရန်သူအင်အားကြီးမားသော နေရာကို ရှောင်ရှားကာ အင်အားနည်းသည့်နေရာသို့သာ ရွေးချယ်သတ်မှတ် တိုက်ခိုက်ရမည် ။ ရေသည် မြေပြင် အနေအထားအတိုင်း စီးဆင်းသကဲ့သို့ ရန်သူ၏ အနေအထားကိုလိုက်၍ အောင်ပွဲခံနိုင်အောင် တိုက်ခိုက်တတ်ရမည် ။ ရေတွင် တိကျသော ပုံသဏ္ဌာန် အမြဲတစေ မရှိချေ ။ စစ်ဆင်ရေးတွင်လည်း ပုံသေချမှတ်ထားသော အခြေအနေမျိုး မရှိတတ်ကြောင်း သိထားရမည် ။ ရန်သူ၏ အခြေအနေအတိုင်း ပြောင်းလဲစီမံကာ အသွင်ပြောင်းလဲ တိုက်ခိုက်နိုင်သူ သည်သာလျှင် ထိုက်တန်သောအောင်ပွဲ ရရှိပေလိမ့်မည် ။
***

၇ ။
စစ်ဆင်ခြင်း
( Military Combat )

အုပ်စိုးသူက ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် တာဝန်ပေး စေခိုင်းလိုက်သည့် အချိန်မှစ၍ စစ်ဆင်ရေးကိစ္စသည် အခက်ခဲဆုံး တာဝန်တစ်ရပ် ဖြစ်လာတတ်သည် ။ တိမ်းစောင်းကွေ့ကောက်သော လမ်းကြောင်းကို တိုက်ရိုက်ဖြောင့်မတ်အောင် ပြုရခြင်း အခြေအနေဆိုးကို အခြေအနေကောင်းဖြစ်အောင် ပြောင်းလဲဖန်တီးရခြင်းသည် စစ်ဆင်ရေးတွင် အခက်ခဲဆုံးလုပ်ငန်းများ ဖြစ်သည် ။ ထို့ကြောင့် စစ်မြေပြင်သို့ မိမိက အလျင်ဦးစွာ နေရာယူထားနိုင်ရမည် ။ ဤနည်းဖြင့် တိုက်ရိုက်နှင့် သွယ်ဝိုက် စစ်မဟာဗျူဟာကို နားလည် ကျွမ်းကျင်ရာရောက်သည် ။
***
တပ်အချင်းချင်း တိုက်ခိုက်မှုတွင် အခွင့်အရေးသာမှုသည် အရေးကြီးသည် ။ အကယ်၍ အခွင့်အရေးသာမှုကို စောင့်ဆိုင်းနေပါက သတ်မှတ်ရာသို့ အချိန်မီ ရောက်လာလိမ့်မည် မဟုတ်ချေ ။ အကယ်၍ အခွင့်အရေးရရှိရန် တပ်အင်အားကို လျှော့ချလိုက်ပါက ရိက္ခာ ဝန်စည်စလွယ် လက်နက်များ အရှုံးကြီး ရှုံးရလိမ့်မည် ။ ထို့ကြောင့် အခွင့်သာမှုအခြေအနေ ဖန်တီးနိုင်ရန် ပစ္စည်းနှင့် လူအင်အား မစုံလင်ဘဲ နေ့မနား ညမနား ချီတက်သွားပါက စစ်သူကြီးများ ရန်သူ့လက်သို့ ကျရောက်တတ်သည် ။ အင်အားပြည့်စုံသူတို့ သတ်မှတ်ရာသို့ ပထမဦးဆုံး ရောက်ရှိသွားရမည် ။ အားနည်းချည့်နဲ့သူတို့ နောက်မှ ရောက်သွားလိမ့်မည် ။ ဤ နည်းဗျူဟာအတိုင်းသာ ကျင့်သုံးပါက စစ်မြေပြင်သို့ လူဆယ်ဦးအနက် တစ်ဦးသာ ရောက်ရှိသွားဖွယ် ရှိသည် ။ ဝန်စည်စလည်နှင့် ခဲယမ်းမီးကျောက်များမပါသော တပ်သည် ရှုံးနိမ့်လိမ့်မည် ။ ရိက္ခာ မပြည့်စုံသောတပ်များ ရှုံးနိမ့်လိမ့်မည် ။ ရိက္ခာထောက်ပို့တပ်များ မပါရှိခဲ့လျှင် အရှုံးကြီး ရှုံးရလိမ့်မည် ။
***
လက်အောက်ခံ ပြည်နယ်အုပ်ချုပ်သူများ၏ အစီအမံများကို သိရှိနားလည်ထားခြင်း မရှိပါက မဟာမိတ်များ ကြိုတင် တွက်ထားနိုင်လိမ့်မည် မဟုတ်ပေ ။ တောတောင်များ ချောက်ကမ်းပါးများ နွံတောများ အခြေအနေကို မကျွမ်းကျင်ပါက တပ်များရှေ့တိုးရန် လွယ်လိမ့်မည် မဟုတ်ပေ ။ ဒေသခံလမ်းပြ တစ်ဦးတစ်ယောက်မျှ မရှိခဲ့လျှင် နယ်မြေအနေအထား သိနားလည်ခွင့် ဆုံးရှုံးလိမ့်မည် ။
***
အမှန်စင်စစ် စစ်ဟူသည်မှာ လှည့်စားမှုအပေါ် မူတည်သည် ။ ပြောင်းလဲနေသော အခြေအနေကို လိုက်၍ လှုပ်ရှားနိုင်ရသည် ။ ထို့ကြောင့် တပ်ချီတက်မှုအရှိန်သည် လေကဲ့သို့ လျင်မြန်ရမည် ။ အနှေး ချီတက်ရာတွင် တောကဲ့သို့ တည်ကြည် ငြိမ်သက်ရမည် ။ ကျူးကျော် တိုက်ခိုက်ခြင်းနှင့် လုယက်မှုများပြုရာတွင် မီးကဲ့သို့ လျင်မြန်ရမည် ။ မလှုပ်မရှားနေပါက တောင်များကဲ့သို့ မယိမ်းမယိုင် ခိုင်ခံ့ရပ်တည်နေရမည် ။ ပုန်းကွယ်ရာတွင် အမှောင်ထုကဲ့သို့ သိုသိပ်လျှို့ဝှက်ရမည် ။ လှုပ်ရှားမှုတွင် မိုးကြိုးအလား ထိတ်လန့် တုန်လှုပ်စေရမည် ။
***
မဟာဗျူဟာမြောက် အင်အား ချိန်ခွင်ညှာ မျှတမှုကို ထိန်းချုပ်ထားနိုင်ပြီး လှုပ်ရှားရမည် ။ တိုက်ရိုက်နှင့် သွယ်ဝိုက် ချဉ်းကပ်မှုနည်းဗျူဟာများကို နားလည်ထားသူသည် အောင်ပွဲခံနိုင်လိမ့်မည် ။
***
လူအားလုံး စုစည်းညီညွတ်ပါက သတ္တိရှိသူတို့သာ ရှေ့သို့ ချီတက်သွားနိုင်ရမည် မဟုတ် ။ ကြောက်ရွံ့သူများလည်း နောက်ဆုတ်သွားဖွယ် မရှိချေ ။ ဤသည်ပင် များပြားလှသော တပ်များ စီစဉ်ချထားမှု နည်းစနစ်ပင် ဖြစ်သည် ။
***
စစ်မြေပြင်တွင် တပ်များ၏ စိတ်ဓါတ်များ ပြောင်းလဲသွားနိုင်သည် ။ ကွပ်ကဲသူစစ်သူကြီး၏ စိတ်အခြေအနေ ပျက်ပြားသွားနိုင်သည် ။ ထို့ကြောင့် နံနက်ပိုင်းတွင် စိတ်ဓါတ်တက်ကြွပြီး နေ့လည်ပိုင်းတွင် လျော့ကျသွားကာ ညရောက်သောအခါ ကုန်ခမ်းပျက်ဆီးသွားတတ်သည် ။ ထို့ကြောင့် တပ်များ ချထား တာဝန်ပေးရာ၌ စိတ်ဓါတ် ပြောင်းလဲကျဆင်းနေတတ်ချိန်မျိုးကို ရှောင်ရှားအပ်သည် ။
***
ထို့ကြောင့် ရန်သူတို့စုစည်းမှု ပျက်ပြားနေချိန်ကို ရွေး၍ တိုက်ခိုက်ရသည် ။ စိတ်ဓာတ် တည်ငြိမ်နေချိန်တွင်လည်း အခြေအနေ ပျက်ပြားနေမှုကို စောင့်ဆိုင်း တိုက်ခိုက်ရသည် ။ ဤအချက်မှာ စိတ်ပိုင်းဆိုင်ရာ အသုံးချနည်း တစ်ရပ် ဖြစ်သည် ။
***
ရန်သူက ခပ်ဝေးဝေး၌ ရှိနေချိန်တွင် မိမိတပ်သည် ရည်မှန်းချက်နှင့် အနီးဆုံးနေရာတွင် ရှိရမည် ။ မိမိတို့ အနားယူ အားတက်နေသည့်အချိန်တွင် မောပမ်းနေသည့် ရန်သူကို တိုက်ရမည် ။ မိမိတို့က ဝလင်အောင်စားပြီး အစာရေစာ ငတ်ပြတ်နေသော ရန်သူကို တိုက်ရမည် ။ ဤသည်ကား အင်အားဆိုင်ရာ ထိန်းချုပ်နည်း ဖြစ်သည် ။
***
အလံတလူလူဖြင့် စနစ်တကျ ချီတက်လာသော ရန်သူတပ်များကို ကြားဖြတ်လျက် မတိုက်ခိုက်ပါနှင့် ။ စနစ်တကျ စုဖွဲ့တပ်ချထားသော ရန်သူ့တပ်ကို ရင်မဆိုင်ပါနှင့် ။ ဤသည်ကား ပြောင်းလဲနေသော အခြေအနေအပေါ် မူတည် ထိန်းချုပ်နည်း ဖြစ်သည် ။
***
ရန်သူတို့တပ်စွဲထားရာ တောင်မြင့်ကြီးများပေါ်သို့ မတက်ပါနှင့် ။ တောင်ကုန်းများကို နောက်ခံပြုထားသည့် ရန်သူ့တပ်များကိုလည်း မတိုက်ပါနှင့် ။ ထွက်ပြေးဟန်ဆောင် ရန်သူ့တပ်များ နောက်ကိုလည်း မလိုက်ပါနှင့် ။ ပေါ့ပါးသွက်လက်နေသော တပ်များကိုလည်း မတိုက်ပါနှင့် ။ ရန်သူ၏ မျှားထားသော ငါးစာကို မဟပ်မိပါစေနှင့် ။ ဆုတ်ခွာသွားသော ရန်သူ့တပ်များကို ဝင်ရောက်တားဆီး တိုက်ခိုက်ခြင်း မပြုပါနှင့် ။ ရန်သူကို ဝိုင်းထားလျှင် ဂယ်ပေါက် ထွက်ပေါက်တစ်ခု ချန်ထားပေးရသည် ။ စစ်ပမ်းနေသော ရန်သူတပ်များကို ချောင်ပိတ် မတိုက်ပါနှင့် ။ ဤသည်တို့ကား တပ်ချစစ်ဆင်မှုဆိုင်ရာ မဟာဗျူဟာများပင် ဖြစ်ပေသည် ။
***

၈ ။
ပြောင်းလဲမှုကိုးသွယ်
( Nine Changes )
ယေဘုယျအားဖြင့် စစ်သူကြီးသည် အုပ်စိုးသူထံမှ အမိန့်ရရှိသောအခါ စစ်အင်အားစုစည်းရမည် ။ ပြည်သူတို့ကို စည်းရုံးရမည် ။ တပ်များကို ကြီးကြပ်ကွပ်ကဲရသည် ။ အန္တရာယ်များသော နေရာများ၌ တပ်စခန်းမချရပေ ။ အချက်အခြာကျသည့် နေရာများ၌သာ မိမိ၏ မဟာမိတ်တပ်များနှင့် စုစည်း တပ်ချပါ ။ တသီးတခြား ဖြစ်နေသော မြေအနေအထားမျိုးတွင် တပ်ချ ရပ်နားထားခြင်း မပြုသင့်ပေ ။ ရန်သူကို ချောင်ပိတ်ဖမ်းနိုင်မည့် မြေအနေအထားမျိုး ဖြစ်သွားအောင် ကြံဆ ဖန်တီးရမည် ။ အသေခံရတော့မည့် မြေအနေအထားမျိုးတွင် ရောက်ရှိနေပါက အစွမ်းကုန် တိုက်ခိုက် ဖောက်ထွက်ရမည် ။ မသွားသင့်သည့် လမ်းများ ရှိသည်ကို သိထားရမည် ။ မတိုက်သင့်သည့် ရန်သူ တပ်အချို့ရှိသည်ကိုလည်း သိရသည် ။ တိုက်ခိုက်ဖျက်ဆီးမှု မပြုအပ်သော ခံမြို့ အချို့ရှိသည်ကိုလည်း သိထားရမည် ။ ရန်သူနှင့် ယှဉ်ပြိုင်မတိုက်ခိုက်သင့်သော အရပ်များကို ရှောင်ရမည် ။ အုပ်စိုးသူ၏ အမိန့်ပင်ဖြစ်စေ အခြေအနေအရ မလိုက်နာနိုင်သည့် အခြေအနေများ ရှိတတ်သည် ။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ အပြောင်းအလဲများကို ကောင်းစွာ နားလည်ထားပါက တပ်များကို စနစ်တကျ စုစည်းတတ်သူ ဖြစ်လိမ့်မည် ။
***
အထက်ပါ ပြောင်းလဲမှုကိုးသွယ်ကို မိမိ အကျိုးအမြတ်အတွက် ပြောင်းလဲ အသုံးချတတ်ရန် သိနားလည်ထားပါက ထိုသူသည် တပ်ဖွဲ့စည်းပုံ ကျွမ်းကျင်သူ ဖြစ်သည် ။ မြေအနေအထားနှင့် ပတ်သက်၍ ကျွမ်းကျင် နားလည်ထားသော်လည်း ပြောင်းလဲမှုကိုးသွယ်အပေါ် အကျိုးရှိအောင် အသုံးမပြုတတ်ပါက ထို စစ်သူကြီးသည် သူကျွမ်းကျင်သော နယ်မြေအနေအထားကို အကျိုးရှိအောင် အသုံးချတတ်မည် မဟုတ်ပေ ။ တပ်ကြီးကို ကွပ်ကဲ ထိန်းချုပ်နိုင်သော်လည်း ပြောင်းလဲမှု ကိုးသွယ်နှင့် ပတ်သက်သော နည်းပညာ မတတ်ကျွမ်းပါက မိမိလူများအပေါ် ကောင်းမွန်စွာ ထိန်းချုပ်နိုင်မည် မဟုတ်ချေ ။
***
ထို့ကြောင့် ဒုက္ခပေးတတ်သော လက်အောက်ခံနယ်မြေ အုပ်ချုပ်သူများကို ဖိနှိပ် ကွပ်မျက်ထားရမည် ။ တာဝန်အမျိုးမျိုးပေးထားပြီး အမြဲအလုပ်များနေအောင် ပြုထားရမည် ။ မက်လုံးပေးလျှင် ငမ်းငမ်းတက် လိုချင်လာအောင် ပြုထားရမည် ။
***
ရန်သူလာလိမ့်မည်မဟုတ် ဟူသော ယူဆချက်အပေါ် အားမပြုဘဲ အသင့်စောင့်နေရမည် ဟူသော သဘောထားပေါ် ရပ်တည်ရမည် ။ ရန်သူက လာရောက်တိုက်ခိုက်လိမ့်မည် မဟုတ်ဟု ယူဆချက်အပေါ် မူမတည်ဘဲ တိုက်ခိုက်လာပါက အောင်မြင်စွာ တွန်းလှန်နိုင်မည့် အခြေအနေ အဖြစ် ကြိုတင် မှတ်ယူထားရမည် ။
***
စစ်သူကြီးများအား ဆိုးကျိုးအန္တရာယ်ပြုနိုင်သော အချက်ကြီးငါးသွယ် ရှိသည် ။ တစ်ဦးတစ်ယောက် သေဆုံးသွားအောင် တာဝန်ပေါ့ဆပါက သုတ်သင်ခံရတတ်သည် ။ သူရဲဘောကြောင်ခဲ့လျှင် ဖမ်းဆီးခံရတတ်သည် ။ စိတ်မြန်လက်မြန် လုပ်ကိုင်တတ်သူသည် ရန်သူ၏လှည့်စား တိုက်ခိုက်မှုကို ခံရတတ်သည် ။ ဂုဏ်ပကာသန မက်မောမိလျှင် အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်သည် ။ သူတစ်ပါးအပေါ် ညှာတာလွန်းပါက ဒုက္ခရောက်တတ်သည် ။
ထိုကဲ့သို့သော အန္တရာယ်ငါးရပ်ကို သိမထားပါက ထိုစစ်သူကြီး၏ စစ်ဆင်ရေး အစီအမံ ပျက်စီးရတတ်သည် ။ ဤအန္တရာယ်ငါးရပ်ကြောင့် တပ်ပျက်ပြီး စစ်သူကြီး၏ အသက်ဘေးကြုံနိုင်သောကြောင့် ဤအချက်များကို အလေးအနက် စစ်ဆေး ဆင်ခြင်အပ်ပေသည် ။
***

၉ ။
စစ်သည်အင်အား စုရုံးခြင်း
( Maneuvering The Army )

စစ်တပ်သည် အမြင့်ပိုင်းကို ကြိုက်နှစ်သက်ပြီး မြေနိမ့်ပိုင်းကို ရွံ့မုန်းသည် ။ နေရောင်လင်းထိန်မှုကို သဘောကျသည် ။ အမှောင်ရိပ်ကို ရှောင်ရှားချင်သည် ။ ဘဝကို မြတ်နိုးသည် ။ အခြေအနေသာမည့် နေရာကို နေရာယူထားသည် ။ မည်သို့မျှ နာဖျားမှုမရှိသော တပ်မတော်သည် အောင်ပွဲခံနိုင်လိမ့်မည် ။
***
မိမိ၏တပ်များကို နယ်မြေအနေအထား အမျိုးမျိုး ရှုပ်ထွေးနေလျှင် ကွင်းရှောင်ချီတက်စေရမည် ။ အဆိုပါနေရာများသို့ ချဉ်းကပ်ခြင်း မပြုရပေ ။ မိမိ၏တပ်များကို ထိုနေရာမျိုးမှ ခပ်ဝေးဝေးတွင် ထားရှိသောအခါ ရန်သူတပ်များသည် ထိုဒေသအတွင်းသို့ မလွဲမသွေ ဝင်ရောက်လာလိမ့်မည် ။ မိမိတို့တပ်များနှင့် ရင်ဆိုင်ရသောအခါ ရန်သူတပ်များသည် ထို့သို့ ရှုပ်ထွေးနေသော မြေနေရာ အနေအထားကို ကျောပေး၍ တိုက်ခိုက်ရလိမ့်မည် ။
***
အကယ်၍ ရန်သူသည် မိမိတပ်အနီး ရောက်ရှိနေသော်လည်း ငြိမ်သက်စွာ ခိုအောင်းနေလျှင် သူတို့သည် လျှိုမြောင်များကို ရရှိထားပြီး နည်းဗျူဟာ ကျွမ်းကျင်မှုအပေါ် အားကိုးထားကြောင်း သိသာသည် ။ အကယ်၍ ရန်သူသည် အဝေးမှ စိန်ခေါ်နေပါက သူတို့သည် မိမိ၏ တပ်များအား ရှေ့တိုးလာစေရန် ရည်ရွယ်သည် ။ ယင်းကဲ့သို့ ရှေ့တိုးလာစေခြင်းဖြင့် မိမိရရှိထားသော သက်သာလွယ်ကူသည့် မြေအနေအထားကို ရယူရန် စီစဉ်ထားခြင်း ဖြစ်သည် ။
***
နှုတ်က နှိမ့်ချကျိုးနွံစွာ ပြောဆိုသော်လည်း ဆက်လက်၍ စစ်ပြင်ဆင်နေသူသည် နောက်ထပ် ချီတက် စစ်ဆင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည် ။ နှုတ်က ခက်ထန် မောက်မာစွာ ပြောဆိုသော်လည်း လှုပ်ရှားပုံ ရေးကြီးသုတ်ပျာ ဖြစ်နေလျှင် ထိုသူတို့ ဆုတ်ခွာမည့်သဘော ဖြစ်သည် ။ မည်သို့မျှ တင်ကြို စည်းကမ်းချက် ချမထားဘဲ အတိုက်အခိုက်ရပ်စဲရန် ကမ်းလှမ်းလာခဲ့သော် ထိုသူတို့ထံတွင် ကောက်ကျစ်သော စစ်ဆင်ရေး နည်းဗျူဟာတစ်ရပ် ရှိနေကြောင်း ထင်ရှားသည် ။
***
ရန်သူသည် အကျိုးအမြတ်ရမည့် တိုက်ကွက် အခွင့်အရေးတစ်ခုကို ရရှိထား၏ ။ သို့ရာတွင် ရအောင် မယူတော့ချေ ။ ထိုတပ် မောပန်းနေသည့် လက္ခဏာဖြစ်သည် ။
***
အကယ်၍ ရန်သူသည် ညဘက်တွင် ထိတ်လန့် အော်ဟစ်နေပါက ထိတ်လန့်ချောက်ချားနေကြောင်း သိရသည် ။ တပ်ဖွဲ့များ မငြိမ်မသက်ဖြစ်နေလျှင် စစ်သူကြီး၏ သြဇာမညောင်းတော့ကြောင်း ပြသသည် ။ အလံများ တံခွန်များကို ကိုင်ဆောင်လျှက် ဟိုသွား ဒီသွား ပြုနေလျှင် သူတို့သည် တပ်ပျက်လုခမန်း ဖြစ်နေကြောင်း သိရသည် ။ အရာရှိများ စိတ်တိုစိတ်ဆိုးနေခဲ့လျှင် ရန်သူ့တပ် စစ်ပန်းနေပြီ ဖြစ်ကြောင်း သိရသည် ။
***
အကယ်၍ တပ်များသည် ဟိုနေရာစုလိုက် ဒီနေရာစုလိုက် ပြုကာ တီးတိုးပြောဆိုနေကြလျှင် ခေါင်းဆောင်အပေါ် ယုံကြည်မှု ပျက်ယွင်းနေကြောင်း ပြသသည် ။ ဆုလာဘ်များ မကြာခဏ တွေးနေသော စစ်သူကြီးသည် အကြံကုန်နေ၍ လုပ်ဆောင်နေခြင်းသာ ဖြစ်သည် ။ အပြစ်ဒဏ်ပေးမှု များပြားနေပါက ထိုတပ်အတွင်း စစ်စည်းကမ်းများ ပျက်ယွင်းနေပြီ ဖြစ်ကြောင်း အရာရှိသည် ငယ်သားများအပေါ် ပထမပိုင်းတွင် မာမာတင်းတင်း ဖိနှိပ်ဆက်ဆံနေတတ်ပြီး နောက်ပိုင်းတွင် ငယ်သားများကို စိုးရိမ် ထိတ်လန့်နေပါက စည်းကမ်းကိုင်၍ မရတော့လောက်အောင် အခြေအနေဆိုးနေပြီ ဖြစ်ကြောင်း သိရသည် ။
***
လက်ဆောင်ပဏ္ဏာများဖြင့် သံတမန်များလွှတ်ပြီး ဆက်သွယ်ပါက ရန်သူ့တပ်သည် အချိန်အနည်းငယ်မျှ အနားယူလိုကြောင်း သိရသည် ။
***
စစ်ပွဲတွင် စစ်သားအရေအတွက် တစ်ခုတည်းဖြင့် အနိုင်အရှုံး ဖန်တီးနိုင်သည် ဟု မမှတ်သင့်ပေ ။ ထို့ကြောင့် ကြီးမားသော စစ်အင်အားကို အားကိုးပြုလျှက် ချီတက်သင့်သည် ။ ရန်သူ၏ အခြေအနေအင်အား စွမ်းရည် ရည်ရွယ်ချက် လက်နက်အင်အား စသည်တို့ကို မှန်ကန်တိကျစွာ ထောက်လှမ်း ရန်သူ့အခြေအနေကို သုံးသပ်ပြီးမှ ချေမှုန်းပစ်ရမည် ။ ရန်သူ့သတင်း ပြည့်စုံစွာမရဘဲ ရန်သူအပေါ် အထင်သေးစွာ တိုက်ခိုက်သူသည် ရှုံးနိမ့်မှုနှင့် မလွှဲမရှောင်သာ ရင်ဆိုင်ရလိမ့်မည် ။
***
အကယ်၍ တပ်သားများ၏ လေးစားယုံကြည်မှု မရသေးမီ အပြစ်ဒဏ်ပေးမိပါက အမိန့်နာခံတော့မည် မဟုတ်ပေ ။ အမိန့် မနာခံလျှင် တာဝန်ပေးရန် အခက်ကြုံလိမ့်မည် ။ တပ်သားများက မိမိအပေါ် ယုံကြည် သစ္စာရှိသော်လည်း အပြစ်ကို ထိရောက်စွာ မပေးခဲ့ဖြစ်လျှင်လည်း တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြတော့မည် မဟုတ်ပေ ။
***
အကယ်၍ စစ်သားများနှင့် ခင်မင်ရင်းနှီးအောင် ထိတွေ့သိမ်းသွင်းပြီး စည်းကမ်း တိတိကျကျဖြင့် ကွပ်ကဲဆုံးမ တာဝန်ပေးပါက အပြန်အလှန် ယုံကြည်လေးစားမှု ရရှိနိုင်သည် ။
***
အမိန့်နှင့် ညွှန်ကြားချက်များသည် ရှေ့နောက် ညီညွတ်မှုရှိပါက အမိန့်နာခံကြလိမ့်မည် ။ ရှေ့နောက် မညီခဲ့သော် မည်သူမှ အမိန့်နာခံကြပုံ မရှိတော့ချေ ။ အမိန့်ကို အစဉ်တစိုက် လေးစားနာခံကာ အထက် အောက် အပြန်အလှန် ယုံကြည် ဆက်ဆံမှုရှိပါက များစွာ အကျိုးဖြစ်ထွန်းနိုင်ပေသည် ။
***

၁၀ ။
နယ်မြေအနေအထား
( Configurations Of Terrain )
နယ်မြေ အနေအထား အခြေအနေကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည် ။ သွားလာဝင်ရောက်ရန် လွယ်ကူသော မြေအနေအထား ထောင်ချောက် ဆင်ထားသော မြေအနေအထား ရှေ့မတိုးသာ နောက်မဆုတ်သာ မြေအနေအထား အကျဉ်းအကျပ် မြေအနေအထား ချောက်ကမ်းပါး မြေအနေအထား နှင့် ကျယ်ပြန့် ဝေးကွာမှု မြေအနေအထား စသည်တို့ ဖြစ်သည် ။
သွားလာ ဝင်ရောက်ရန် လွယ်ကူသော မြေအနေအထားဖြစ်လျှင် ပထမဦးစွာ မြေမြင့်ပိုင်းကို သိမ်းယူရမည် ။ ထောင်ချောက်ဆင်ထားသော မြေအနေအထားမျိုး ဖြစ်လျှင် ရန်သူဘက်မှ အသင့်အနေအထား ရှိမနေပါက ရှေ့တိုးတိုက်ခိုက်ရမည် ။ ရှေ့မတိုးသာ နောက်မဆုတ်သာ မြေအနေအထားမျိုးတွင် ရန်သူက အခွင့်ကောင်းပေး၍ စစ်မြှူသော်လည်း ချီတက်တိုက်ခိုက်ရန် မသင့်ပေ ။ အကျဉ်းအကျပ် မြေအနေအထားမျိုးတွင် အကယ်၍ မိမိတပ်ဖွဲ့များက ဝင်ရောက်သိမ်းပိုက်မိလျှင် တပ်များကို အပြည့်အဝ ချထားရမည် ။ ချောက်ကမ်းပါးမြေ အနေအထားမျိုးတွင် အထက်စီးနေရာကို ရောက်အောင်ယူ၍ ရန်သူအလာကို စောင့်နေရသည် ။ ကျယ်ပြန့်ကွာဝေးသော မြေအနေအထားမျိုးတွင် မဟာဗျူဟာ စွမ်းအားချင်း တူညီနေပါက နှစ်ဦးနှစ်ဖက် တိုက်ပွဲ ဖြစ်စေရန် လှုံ့ဆော်ဖို့ ခက်လှ၏ ။
အထက်ပါ အချက်ကြီး ခြောက်ချက်သည် နယ်မြေဆိုင်ရာ ကျင့်သုံးထိုက်သည့် ဥပဒေသများ ဖြစ်သည် ။ စစ်မြေပြင်တွင် တိုက်ခိုက်ရေး တာဝန်ယူထားရသော စစ်သူကြီးများသည် ရန်သူအနေအထားကို စုံစမ်းထောက်လှမ်းရန် လိုအပ်သည် ။
***
အထက်ပါ မြေအနေအထား ခြောက်မျိုးသည် သုံးသပ် စဉ်းစားရမည့် စစ်မြေပြင်ဆိုင်ရာ အချက်များ ဖြစ်သည် ။ ရန်သူ၏ အနေအထားကို သုံးသပ်ခြင်း အောင်ပွဲရရန် စိတ်ချုပ်ကွပ်ကဲခြင်း ကုန်းမြင့်ကုန်းနိမ့် အနေအထားအမျိုးမျိုးကို တွက်ချက်ခြင်း ခရီးဝေးခြင်း နီးခြင်းတို့နှင့် ပတ်သက်၍ စစ်သူကြီးတိုင်း သုံးသပ် စဉ်းစားသင့်သည် ။ အထက်ပါ အခြေအနေများကို သိနားလည်ပြီး တပ်များကို စနစ်တကျ ချထားတတ်လျှင် အောင်ပွဲခံနိုင်လိမ့်မည် ။ နားလည်မှု မရှိဘဲ တပ်များကို စနစ်တကျ ချထားတတ်မှု မရှိသူတို့သည် အရှုံးကြီး ရှုံးရလိမ့်မည် ။
***
အရေးနိမ့်တတ်သောတပ် ခြောက်မျိုးရှိသည် ။ ထွက်ပြေးတတ်သောတပ် အမိန့်မနာခံတတ်သောတပ် ရှုံးနိမ့်တတ်သောတပ် ပျက်စီးသွားသောတပ် ဖွဲ့စည်းပုံပျက်ယွင်းသောတပ် ဖရိုဖရဲ ပျက်ယွင်းတတ်သောတပ် ဟူ၍ ဖြစ်သည် ။
စစ်သည်တို့က စွမ်းအား မြင့်မားကြပြီး အရာရှိတို့က အရည်အသွေး နည်းပါးကြလျှင် သြဇာမညောင်းတော့ဘဲ အမိန့်မနာခံမှု ဖြစ်ပေါ်တတ်သည် ။ အရာရှိတို့က အရည်အချင်း ပြည့်ဝသော်လည်း စစ်သည်တို့ဘက်က ညံ့ဖျင်းကြလျှင် ဒေါသကြီးတတ်သော အထက်တန်းအရာရှိများက ရန်သူနှင့် ရင်ဆိုင်ရသောအခါ အထက်အမိန့်ကို မစောင့်တော့ဘဲ ရန်သူကို မုန်းတီးသော စိတ်ဖြင့်သာ ဇွတ်တရွတ် အလောတကြီး တိုက်ခိုက်ခဲ့လျှင် တပ်ပျက်စီးဆုံးရှုံးတတ်သည် ။ စစ်သူကြီး၏ စိတ်ဓါတ်ရေးရာ နိမ့်ကျမှု စည်းကမ်းမတိကျမှု လမ်းညွှန်ချက် မပြတ်သားမှု တာဝန်ခွဲဝေမှု စနစ်တကျ တိကျခြင်းမရှိမှု တပ်စုဖွဲ့မှု ဖြန့်ခွဲမှု ကို ဖရိုဖရဲဖြစ်မှု တို့ကြောင့် တပ်တစ်ခုလုံး ဖွဲ့စည်းပုံ ပြိုကွဲတတ်သည် ။ အကယ်၍ စစ်သူကြီးသည် ရန်သူ၏အင်အားကို မခန့်မှန်းတတ်ဘဲ အင်အားများသည့် ရန်သူကို အင်အား အနည်းငယ်ဖြင့် တိုက်ခိုက်ခြင်း အင်အားချည့်နဲ့သော မိမိတပ်ဖြင့် တက်ကြွအားတက်နေသော ရန်သူ့တပ်ကို တိုက်ခိုက်ခြင်း တပ်ဦး၌ ရဲရင့်သန်မာသူများကို ရွေးချယ် မထားရှိခဲ့မှု တို့ကြောင့်လည်း မိမိ၏တပ်များသည် ဖရိုဖရဲ ထွက်ပြေးရတတ်သည် ။
အထက်ပါ အချက် ခြောက်ချက်သည် တပ်တစ်ခု စစ်ရှုံးနိမ့်စေနိုင်သည့် အရာများ ဖြစ်သည် ။ တာဝန်ယူ ကွပ်ကဲရသော မည်သည့် စစ်သူကြီးမဆို အထက်ပါ အချက်များကို သေချာစွာ စစ်ဆေး သုံးသပ်ရမည် ။
***
စစ်သူကြီးသည် မိမိ၏ တပ်သားများအား ငယ်ရွယ်သော ကလေးများအဖြစ် သဘောထားသောအခါ သူတို့သည် နက်ရှိုင်းသော တောင်ကြားများအတွင်းသို့ သူနှင့်အတူ ချီတက်သွားကြ၏ ။ အောက်လက်ငယ်သားများကို သားသမီးနှင့်မခြား သဘောထားခဲ့လျှင် ရဲဘော်ရဲဘက်များသည် စစ်သူကြီးအတွက် အသက်အသေခံရန် အသင့် ရှိနေတတ်သည် ။ အကယ်၍ ငယ်သားများသည် ကောင်းစွာ ပြုစုမှုခံရ၏ ။ သို့ရာတွင် မည်သို့မျှ ခိုင်းစေ၍မရလျှင် အကယ်၍ တပ်သားများသည် ချစ်ခင်ကြင်နာမှု ခံရသော်လည်း အမိန့် မလိုက်နာခဲ့လျှင် အကယ်၍ တပ်သားများသည် ဖရိုဖရဲဖြစ်ချိန်တွင် မည်သို့မျှ ထိန်းသိမ်း၍ မရနိုင်တော့လျှင် ထိုတပ်မျိုးသည် ကလေးဆိုးနှင့် တူသောကြောင့် အသုံးမဝင်တော့ချေ ။
***
ဘုရင်မင်းမြတ်က ထိုတိုက်ပွဲကို မတိုက်ခိုက်ဘဲ ရှောင်ရှားရန် အမိန့်ချမှတ်ထားသည်ပင် ဖြစ်စေ စစ်ဆင်ရေး ဥပဒေအရ ရန်သူအပေါ် အနိုင်တိုက်နိုင်မှုကို သေချာပါက တိုက်ခိုက်ရန် ။ အမိန့်ချမှတ်ခဲ့သော်လည်း ရန်သူအပေါ် အနိုင်ရဖွယ် မမြင်ခဲ့လျှင် မတိုက်ခိုက်ဘဲ နေနိုင်သည် ။
စစ်သူကြီးကောင်းတို့မည်သည် နာမည်ကျော်ကြားမှုအတွက် မတိုက်ခိုက်ဘဲ ပြစ်တင်ရှုံ့ချခံရမှုကိုလည်း ကြောက်ရွံ့မှု ကင်းမဲ့လျက် နောက်ဆုတ်သင့်လျှင် ရဲရဲဆုတ်ခွာတတ်ကာ နိုင်ငံတော် ပြည်သူနှင့် အချုပ်အချာအာဏာနှင့် အကျိုးစီးပွားကိုသာ သိတတ်လျှင် နိုင်ငံနှင့် လူမျိုးအတွက် အဖိုးထိုက် ရတနာတစ်ပါး ဖြစ်သည် ။
***
မိမိ၏တပ်များက ရန်သူအပေါ် တိုက်ခိုက်နိုင်မှု ရှိသည်ကို သိသော်လည်း ရန်သူကို တိုက်ခိုက်မှု မရနိုင်ကြောင်း မသိဘဲ တိုက်ခိုက်ခဲ့လျှင် အောင်ပွဲခံရန် တစ်ဝက်သာ သေချာသည် ။ ရန်သူကို တိုက်ခိုက်နိုင်ကြောင်း သိသော်လည်း မိမိ၏တပ်များက ရန်သူအပေါ် မတိုက်ခိုက်နိုင်မှုကို မသိဘဲ တိုက်ခိုက်ခဲ့လျှင် အောင်ပွဲခံရန် တစ်ဝက်သာ သေချာသည် ။ ရန်သူကို တိုက်ခိုက်နိုင်မည်ကို သိ၏ ။ မိမိ၏တပ်များက တိုက်ခိုက်နိုင်စွမ်း ရှိမှုကိုလည်း သိ၏ ။ သို့ရာတွင် နယ်မြေအနေအထားသည် တိုက်ပွဲ ဆင်ရန် မသင့်တော်မှုကို မသိဘဲ တိုက်ခိုက်ခဲ့လျှင် အောင်ပွဲခံရန် တစ်ဝက်သာ သေချာသည် ။
သို့ဖြစ်သောကြောင့် တပ်အကြောင်း ကောင်းစွာနားလည်သူသည် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ကြောင်း အမှားတစ်စုံတစ်ရာ မပြုမိအောင် သတိထားသင့်သည် ။ ပြုမူဆောင်ရွက်မှုတိုင်း၌ အဘက်ဘက်က တွက်ချက် ပြင်ဆင်ထားပြီး ဖြစ်ရမည် ။
ရန်သူအကြောင်းကိုလည်း သိ၏ ။ မိမိအကြောင်းကိုလည်း နားလည်၏ ။ မုချအောင်ပွဲ ခံနိုင်ပေလိမ့်မည် ။ အခြေအနေကောင်း ကြုံတွေ့ရပါက အပြည့်အဝ အောင်ပွဲရရှိပေလိမ့်မည် ။
***

၁၁ ။
စစ်မြေပြင်အခြေအနေ ကိုးမျိုး
( Nine Terrains )
စစ်အင်အား ခွဲဝေနေရာချထားရာတွင် စစ်မြေပြင်အနေအထား ကိုးမျိုး ရှိသည် ။
အင်အားခွဲဝေဖြန့်ချထားရသည့် စစ်မြေပြင် အနေအထား ( dispersive terrain )
အနေအထားသင့် စစ်မြေပြင် ( light terrain )
ဆုံးဖြတ်ရခက် စစ်မြေပြင် ( contentious terrain )
သွားလာ လွယ်ကူ စစ်မြေပြင် ( traversable terrain )
ဗဟိုချက်ကျ စစ်မြေပြင် ( focal terrain )
သွားလာရခက် စစ်မြေပြင် ( heavy terrain )
ညှပ်ပူးညှပ်ပိတ် စစ်မြေပြင် ( entrapping terrain )
အဝိုင်းခံ စစ်မြေပြင် ( encircled terrain ) နှင့်
မရဏစစ်မြေပြင် ( fatal terrain ) တို့ဖြစ်သည် ။
ရှေးအခါက စစ်ရေး ကျွမ်းကျင်သူတို့သည် ရန်သူ၏ ရှေ့တန်းတပ်များနှင့် နောက်တန်းတပ်များ တစ်ခုနှင့်တစ်ခု မဆက်စပ်မိအောင် တားဆီးနိုင်ကြသည် ။ တပ်အင်အား လူနည်းစုနှင့် လူများစု တစ်ခုပေါ်တစ်ခု မှီခိုမှု မပြုနိုင်အောင် တားဆီးရသည် ။ ရန်သူဘက်မှ မြင့်မြတ်သူနှင့် နိမ့်ကျသူအချင်းချင်း တစ်ဦးနှင့်တစ်ဦး လာရောက်ကယ်တင်ခြင်း မပြုနိုင်အောင် တားဆီးရသည် ။ အထက်နှင့်အောက် တစ်ဦးပေါ်တစ်ဦး မယုံကြည်အောင် လုပ်ရမည် ။ ရန်သူတို့ မစုစည်းမိအောင် ခွဲခြားပစ်ရမည် ။ စုစည်းမိလျှင်လည်း စနစ်တကျ စုစည်းမှုမျိုးမဖြစ်အောင် တားဆီးရသည် ။ မိမိတပ်များကို အခြေအနေကောင်းလျှင် ရှေ့တိုးခိုင်းပြီး အခြေအနေမကောင်းလျှင် ချီတက်ခြင်းမှ ရပ်ဆိုင်းထားခိုင်းတတ်သည် ။
***
ရန်သူသည် အင်အားများပြီး စည်းစနစ်ကျနကာ မိမိ၏ တပ်ရှိရာဘက်သို့ ချီတက်လာရန် ပြင်ဆင်နေသည် ဆိုပါစို့ ။ ထိုအခါမျိုးတွင် ရန်သူတို့ တန်ဖိုးထားသည့် တစ်စုံတစ်ခုကို လက်ဦးမှုရအောင် သိမ်းယူပြီး မိမိစကားကို မိမိအမိန့်ကို နာခံလာအောင် ပြုရသည် ။
***
အရှိန်လျင်မြန်မှုသည် တပ်တစ်တပ်၏ အရေးအပါဆုံး သဘောသဘာဝ ဖြစ်သည် ။ ရန်သူ၏အလစ်ကို အငိုက်ဖမ်းနိုင်ရသည် ။ ရန်သူတို့ ကြိုတင်ခန့်မှန်းထားသော လမ်းကြောင်းမှ မချီတက်ဘဲ အခြားလမ်းကြောင်းမှ ချီတက်ရသည် ။ ရန်သူတို့ သတိအနေအထား မရှိချိန်တွင် တိုက်ခိုက်ရသည် ။
***
ယေဘုယျအားဖြင့် ရန်သူ၏ နယ်နိမိတ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်သောအခါ မိမိ၏ တပ်ကြီးသည် စုစည်းမိနေလိမ့်မည် ။ ထိုအခါမျိုးတွင် ရန်သူက မိမိအပေါ် အနိုင်ယူတော့မည် မဟုတ်ချေ ။ မိမိ၏ တပ်သားများကို ကောင်းမွန်စွာ ကျွေးမွေးပြုစုပြီး ပိုမိုလွန်ကဲစွာ မခိုင်းစေသင့်ပေ ။ သို့မှသာ စိတ်ဓါတ်အချင်းချင်း စုစည်းညီညွတ်ကြပြီး အင်အားလည်း အကောင်းဆုံးအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည် ။
***
မိမိ၏တပ်များကို စုစည်းပြီး မဟာဗျူဟာ စီမံချက်များ ချမှတ်သောအခါ ရန်သူများ မရိပ်မိနိုင်လောက်အောင် ကျစ်လျစ်သိပ်သည်းရမည် ။
***
အကယ်၍ မိမိ၏ စစ်သည်များသည် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရဲဝံ့စွာ တိုက်ခိုက်ခဲ့လျှင် အသက်ရှင်စွာ ကျန်ရစ်နိုင်သည် ။ အကယ်၍ လုံ့လဝီရိယ ကြီးမားစွာ မတိုက်ခိုက်ခဲ့ကြပါက ပျက်စီးဆုံးရှုံးမှု နှင့် တွေ့ရလိမ့်မည် ။ ဤသည်ပင် မရဏစစ်မြေပြင်၏ သဘော သဘာဝ ပင်ဖြစ်သည် ။ ရောက်ရှိနေသောနေရာမှ မည်သည့်နေရာသို့မျှ ထွက်ပြေးစရာမရှိသည့် နေရာမျိုးတွင် တိုက်ခိုက်စေပါက နောက်မဆုတ်နိုင်တော့ဘဲ အသက်စွန့်သွားကြလိမ့်မည် ။ သေဘေးကို မည်သို့မျှ လွတ်အောင် မရှောင်နိုင်မှန်း သိသွားသောအခါ အရာရှိများနှင့် တပ်သားများသည် အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည် ။
***
အရာရှိများနှင့် စစ်သည်များသည် ရန်သူ၏ နယ်မြေအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်မိသောအခါ တစ်ဦးနှင့်တစ်ဦး စုစည်းမိအောင် ကြိုးပမ်းလိမ့်မည် ။ ဤသို့မျှ စုစည်းနိုင်မှု မပြုနိုင်သောအခါ သူတို့သည် သေသေကြေကြေ တိုက်ခိုက်ကြလိမ့်မည် ။ ယင်းသည်ပင် အဝိုင်းခံရသောအခါ ခုခံကာကွယ်ခြင်း မရှောင်မလွဲသောအခါ အားကြိုးမာန်တက် တိုက်ခိုက်ခြင်း အခြေအနေ ဖန်တီးလာသောအခါ အမိန့်ပေးသမျှ လိုက်နာဆောင်ရွက်ခြင်း စသည်တို့မှာ စစ်တပ်၏ သဘော သဘာဝ ပင် ဖြစ်သည် ။
***
အထက်ပါ အကြောင်းများကြောင့် မည်သို့မည်ပုံ လုပ်ရမည်ဟု လမ်းညွှန်ချက် ပေးမထားသော်လည်း ပေးထားသကဲ့သို့ အသင့်အနေအထား ရှိနေတတ်သည် ။ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိနေလိမ့်မည် ။ မတိုက်တွန်း မခိုင်းစေဘဲ အချင်းချင်း ညီညွတ်စွာ ရှိကြလိမ့်မည် ။ အမိန့်များ ထုတ်ပြန်ကြေငြာခြင်း မပြုဘဲ ခိုင်းလိုက်လျှင် လုပ်ကြမည် ဟူ၍ ယုံကြည် အားထားနိုင်ရမည် ။ တပ်အတွင်း အတိတ်ဆိုး နိမိတ်ဆိုးများအပေါ် ယုံကြည်မှု မရှိအောင် တားမြစ်ရမည် ။ ယုံမှား သံသယ စိတ်မဝင်အောင် ဆောင်ရွက်ရမည် ။ သို့မှသာ အရာရှိများနှင့် စစ်သည်များသည် အခြား မည်သည့်အတွေးများ ဝင်ရောက်ခြင်း မရှိဘဲ ရဲဝံ့စွာ အသေခံသွားကြလိမ့်မည် ။
***
အကယ်၍ စစ်သည်များ ကျဆုံးသွားရလျှင် အသက်ရှင်မှုကို ရွံ့မုန်း၍ သေဆုံးသွားခြင်း မဟုတ်ကြောင်း သိရမည် ။ ရန်သူကို သွားရောက်တိုက်ခိုက်ရန် အမိန့်များထုတ်ပြန်သောနေ့တွင် ထိုင်နေသည့် စစ်သည်များ၏ လက်မောင်းများတွင် မျက်ရည်များ စိုရွှဲနေလိမ့်မည် ။ မည်သို့ပင်ဖြစ်စေ သူတို့အား မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေသို့ တွန်းပို့လိုက်သည့်တိုင် ရဲဝံ့စွာ တိုက်ခိုက် သေဆုံးကြလိမ့်မည် ။
***
စစ်သည်တို့၏ ရဲစွမ်းသတ္တိကို စုစည်း အကောင်အထည်ဖော်ကာ နယ်မြေအနေအထား ကြမ်းတမ်းခြင်း လွယ်ကူခြင်း ကို လိုက်၍ သင့်တော်မျှတသလို တာဝန်ခွဲဝေ ချထားစေသင့်သည် ။
***
တပ်များ နေရာချထားမှု ကျွမ်းကျင်သူတစ်ဦး စစ်သည်အားလုံးကို လူတစ်ဦးတစ်ယောက်တည်း အဖြစ် သဘောထားကာ စုစည်းခိုင်းစေတတ်ရမည် ။ သို့မှသာ တာဝန်ကို ရှောင်တိမ်းနိုင်တော့မည် မဟုတ်ချေ ။
***
စစ်သူကြီးတစ်ဦး အနေဖြင့် စိတ်တည်ငြိမ်ရန် လျှို့ဝှက်ရန် စိတ်ထားဖြောင့်မတ်ရန် နှင့် စည်းကမ်းအရာ၌ စံပြနမူနာဖြစ်စေရန် အရေးကြီးသည် ။ အရာရှိများနှင့် စစ်သည်များကို မိမိ၏ စီမံထားချက်များ လုံးဝ မပေါက်ကြားအောင် မသိရှိအောင် ပြုထားရမည် ။ အခြားသူများ မသိရှိအောင် မိမိ၏ပြဿနာများ ထိန်းချုပ်ထားမှုကို လိုအပ်သလို ပြောင်းလဲရသည် ။ မဟာဗျူဟာများကို လိုအပ်သလို ပြောင်းလဲပစ်ရသည် ။ မိမိ၏စီမံထားချက်များကို ရန်သူများ ကြိုတင်ခန့်မှန်းမှု မပြုနိုင်ရန် တပ်ချထားမှုလမ်းကြောင်း ပြောင်းလဲ ချီတက်စေမှုကို ဆောင်ရွက်တတ်ရသည် ။
***
ထိုအခိုက်အတန့်သည် စစ်သူကြီး၏ လိုသလို ဆောင်ရွက်နိုင်ခွင့်ရှိသော အချိန်အခါပင်ဖြစ်သည် ။ ဘုရင့်နောင် ဖောင်ဖျက်ပစ်သကဲ့သို့ စစ်သည်များကို အမြင့်ပိုင်းသို့ တက်ခိုင်းပြီး လှေကားကို ဖြုတ်ပစ်နိုင်စွမ်း ရှိရမည် ။ စစ်သူကြီးကိုယ်တိုင် ရန်သူ့နယ်မြေအတွင်း နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး မိမိလိုသလို တာဝန်ပေး စေခိုင်းတတ်ရမည် ။ စစ်သည်များကို သိုးတစ်အုပ် မောင်းသွားသကဲ့သို့ လိုအပ်သလို ရှေ့တိုးနောက်ငင် မောင်းနှင်စေခိုင်းတတ်ရမည် ။ သို့ရာတွင် ယင်းသို့ အပြုခံရသောအခါ စစ်သည်များသည် မိမိတို့ မည်သည့်ဘက်သို့ ဦးတည်သွားရောက်နေကြောင်း မသိအောင် ပြုရမည် ။
***
တပ်ကြီးသုံးသွယ်ကို စုစည်းခြင်း ရန်သူ့နယ်မြေအတွင်းသို့ စေလွှတ်တိုက်ခိုက်နေခြင်းသည် စစ်သူကြီး၏ တာဝန်ယူ ဆောင်ရွက်နေရခြင်းပင် ဖြစ်သည် ။
***
လိုအပ်သလို ကျုံ့ခြင်း တိုးချဲ့ခြင်း စသည့် အခွင့်အရေးများ လိုသလို ဆောင်ရွက်နိုင်သည့် စစ်မြေပြင် အနေအထားကိုးမျိုးနှင့် လူ့စိတ် ခံစားမှု အသွင်သဏ္ဌာန် အမျိုးမျိုးကို သိနားလည်အောင် ပြုရသည် ။
***
ရန်သူ၏ စီမံထားချက်များကို နားမလည်သူသည် မဟာမိတ်များဖွဲ့ထားရန် ကြိုတင်ပြင်ဆင်ထားနိုင်လိမ့်မည် မဟုတ်ပေ ။ တောတောင်များ ချောက်ကမ်းပါးများ နွံတော ရွှံ့တောများ ရှိရာကို သိမထားလျှင် စစ်ကစားရန် အခက်အခဲ တွေ့လိမ့်မည် ။ ဒေသခံ လမ်းပြမပါလျှင် ထိုနယ်မြေအကြောင်း သိနားလည်ခွင့် ရရှိလိမ့်မည် မဟုတ်ပေ ။ ဖော်ပြပါ အချက်လေးချက် သို့မဟုတ် ငါးခုထဲမှ အချက်တစ်ချက်ကိုပင် မသိသူသည် နိုင်ငံတော်နှင့် အုပ်စိုးသူ၏ တပ်ကြီးကို စုစည်း ကွပ်ကဲနိုင်ဖွယ် မရှိချေ ။
***
နိုင်ငံတော်နှင့် အုပ်စိုးသူ၏ တပ်ကြီးသည် နိုင်ငံကြီးတစ်နိုင်ငံအား သွားရောက်တိုက်ခိုက်သောအခါ ထိုနိုင်ငံ၏ ပြည်သူတို့ ကစဥ့်ကလျားဖြစ်သွားလိမ့်မည် ။ ထိုအခါ ရန်သူ၏ အခက်အခဲကြောင့် အခြားသူများနှင့် မဟာမိတ်ဖွဲ့ရန် မဖြစ်နိုင်တော့ချေ ။ ထို့ကြောင့် မိမိအင်အားကို အထက်မြက်ဆုံး ဖြစ်အောင် ယုံကြည် တိုးမြှင့်ပေးရန် လိုအပ်သည် ။ ရန်သူကို အခက်ကြုံစေရမည် ။ ဤနည်းဖြင့် ရန်သူ၏မြို့ပြများကို သိမ်းပိုက်နိုင်ပြီး ထိုနိုင်ငံကို လက်အောက်ခံဘဝသို့ သွတ်သွင်းနိုင်လိမ့်မည် ။
ထုံးစံအရ ယခင်က မရှိခဲ့ဖူးသော ဆုများ တံဆိပ်များကို ပေးရမည် ။ မိမိ၏ တပ်မတော်ကြီး တရပ်လုံးကို လူတစ်ယောက်တည်းအပေါ် ကွပ်ကဲစီမံသည့်နည်းအတိုင်း လမ်းညွှန်စေခိုင်းရသည် ။ တာဝန်များကို ပေးအပ်ပြီး မည်သည့် အကြောင်းကြောင့် ပေးအပ်ရကြောင်း ရှင်းပြရန် မလိုပေ ။ ဆုပေးစနစ်ကိုသာ သိစေရမည် ။ ဒဏ်ပေးစနစ်ကို မသိစေရ ။
***
မိမိ၏စစ်သည်များကို မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေထဲသို့ စေလွှတ်တိုက်ခိုက်စေခဲ့လျှင် မိမိတို့ကိုယ်မိမိတို့ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်လိမ့်မည် ။ မရဏနယ်မြေ အနေအထား အတွင်းသို့ ထွင်းဖောက်ဝင်ရောက်နေစေခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိ အသက်ရှင်သန်အောင် ဆောင်ရွက်နိုင်လိမ့်မည် ။ အန္တရာယ်နယ်မြေ အနေအထားအတွင်းသို့ ထွင်းဖောက်ဝင်ရောက်လာနိုင်သည် နှင့်အမျှ အရှုံးထဲမှ အမြတ်ကို ရှာဖွေ ရရှိနိုင်လိမ့်မည် ။
***
စစ်မှုရေးရာ ထမ်းရွက်မှုသည် ရန်သူ၏ ရည်ရွယ်ချက်များကို အသေးစိတ် သိနားလည်ထားမှုအပေါ် မူတည်သည် ။ မိမိ၏ တပ်အင်အားကို ယုံကြည်ကိုးစားမှုရှိလျှင် ဝေးဝေးလံလံအထိ ဝင်ရောက်တိုက်ခိုက်ပြီး ရန်သူစစ်သူကြီးကိုပင် သတ်ဖြတ်ပစ်နိုင်သည် ။ ဤသည်ပင် စစ်ရေးစစ်ရာကိစ္စများ ဆောင်ရွက်ရာတွင် ဦးစီးကွပ်ကဲသူ၏ ကျွမ်းကျင်မှု အစွမ်းထက်မြက်မှုကို ဖော်ပြခြင်းပင် ဖြစ်သည် ။
***
ဆိုအပ်ခဲ့သော အကြောင်းများကြောင့် ရန်သူအပေါ် စတင်တိုက်ခိုက်ခဲ့သော နေ့မှစ၍ နယ်စပ် လမ်းကူးများအနီးအထိ ရောက်အောင် ချီတက်ရမည် ။ နယ်စပ်လမ်းကူးများကို ပိတ်ဆို့ ဖျက်ဆီးပစ်ရမည် ။ ရန်သူ၏ သံတမန်များ ဝင်ရောက်မှုကိုလည်း ပိတ်ပင်ရမည် ။ စီမံချက်များအတိုင်း ဆောင်ရွက်နိုင်အောင် အဆက်မပြတ် ဆွေးနွေးတိုင်ပင်ရမည် ။
***
ရန်သူဘက်မှ လမ်းပွင့်သွားခဲ့သော် မလွတ်တမ်း တိုက်ခိုက်ချေမှုန်းပစ်ရမည် ။
***
ရန်သူတန်ဖိုးထားသော အရာကို လက်ဦးမှုရအောင် တိုက်ခိုက်ရမည် ။ တိုက်ခိုက်မည့်အချိန်ကို ရွေးချယ် သတ်မှတ်ခြင်း ရန်သူနှင့် ပတ်သက်၍ သုံးသပ်မှု ဝေဖန်မှု ပြုမနေရပေ ။ သို့မှသာ စစ်ပွဲ၏ မဟာဗျူဟာကို တိကျစွာ ချမှတ်ဆောင်ရွက် နိုင်လိမ့်မည် ။
***
သို့ဖြစ်ရကား ပထမပိုင်းတွင် အိမ်တွင်းပုန်း အပျိုစင်တစ်ဦးကဲ့သို့ လျှို့ဝှက် သိပ်သည်းစွာ နေထိုင်ပါ ။ ရန်သူဘက်က လမ်းပွင့်သွားပြီ ဆိုပါက ထွက်ပြေးသွားသော ယုန်တစ်ကောင်၏ အရှိန်အဟုန်ဖြင့် ရန်သူ့အပေါ် အငိုက်ဖမ်း တိုက်ခိုက်ချေမှုန်းပစ်ရမည် ။ သို့မှသာ ရန်သူအနေဖြင့် ဦးမော့လာနိုင်စရာ မရှိတော့ချေ ။
***

၁၂ ။
လောင်မီးဖြင့် တိုက်ခိုက်ခြင်း
( Incendiary Attacks )
လောင်မီးဖြင့် တိုက်ခိုက်ခြင်းနည်း ငါးမျိုး ရှိသည် ။ ပထမနည်းမှာ လူ(ရန်သူစစ်သည်) ကို တိုက်ခိုက်ခြင်း ဒုတိယနည်းမှာ သူ၏ သိုလှောင်ရိက္ခာများကို တိုက်ခိုက်ခြင်း တတိယနည်းမှာ ထောက်ပံ့ရေး ယာဉ်ရထားများကို တိုက်ခိုက်ခြင်း စတုတ္ထနည်းမှာ လက်နက်ခဲယမ်းတိုက်များကို တိုက်ခိုက်ခြင်း နှင့် ပဉ္စမနည်းမှာ မီးမြား မီးတုတ်များဖြင့် ရန်သူ့စခန်းအတွင်း ပစ်သွင်းတိုက်ခိုက်ခြင်းတို့ ဖြစ်သည် ။
***
တစ်စုံတစ်ဦးသည် စစ်ပွဲတွင် အနိုင်ရရှိ၏ ။ တိုက်တိုင်းလည်း အောင်မြင်သည် ။ သို့ရာတွင် ပေါ်ပေါက်လာသော အခြေအနေနှင့် အခွင့်အခါကို အကျိုးရှိအောင် အသုံးမချတတ်ပါက ပျက်စီးဆုံးရှုံးတတ်သည် ။
***
တိုက်ပွဲတွင် အောင်မြင်ရန် အခွင့်မသာသေးလျှင် လှုပ်ရှားမှုမပြုရ ။ ရည်မှန်းချက်ရောက်ရန် မသေချာသေးလျှင် တပ်အင်အားကို အသုံးမချရ ။ မိမိတို့အပေါ် အန္တရာယ်ကျရောက်ဖွယ်ရှိမှ စစ်ဆင်ရမည် ။ အုပ်စိုးသူပုဂ္ဂိုလ်၏ ဒေါသအမျက် အလျောက် စစ်ချီတက်စေခြင်းကို မပြုရ ။ စစ်သူကြီးသည်လည်း ပုဂ္ဂိုလ်ရေး မုန်းတီးမှုအရ စစ်မတိုက်ရ ။ အောင်ပွဲရရန် အခြေအနေ အခွင့်အခါသင့် လာလျှင် တိုက်ပါ ။ အခွင့်မသာလျှင် ရပ်ဆိုင်းပစ်ရမည် ။ ဒေါသအမျက်သည် ပျော်ရွှင်မှုသို့ ပြန်လည် ပြောင်းလဲသွားနိုင်သည် ။ မုန်းတီးမှုသည်လည်း ကျေနပ်နှစ်သိမ့်မှုသို့ ပြန်လည် ရောက်ရှိ သွားနိုင်သေးသည် ။ သို့ရာတွင် ချေမှုန်းဖျက်ဆီးပစ်ခံလိုက်ရသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြန်လည် နာလန်ထူနိုင်ရန် ခဲယဉ်းလှ၏ ။ သေသူတို့ကိုလည်း ပြန်ရှင်လာအောင် လုပ်နိုင်ဖွယ်မရှိတော့ချေ ။ သို့ဖြစ်သည့် အားလျော်စွာ အမြော်အမြင် ကြီးမားသော နိုင်ငံအုပ်စိုးသူသည် စစ်ဆင်ရေးနှင့် ပတ်သက်၍ အထူးသတိမူရာ၏ ။ စစ်သူကြီးကောင်းတို့သည်လည်း ထိုအချက်ကို လေးစားအပ်သည် ။ သို့မှသာ မိမိနိုင်ငံတော် အေးချမ်း တည်ငြိမ်လာမည် ။ စစ်သည်တော်များလည်း မပြိုမကွဲ တည်မြဲ တည်နေပေလိမ့်မည် ။
***

၁၃ ။
သူလျှိုများ စေလွှတ်ထောက်လှမ်းခြင်း
( Employing Spies )
စစ်ဆင်ရေးအတွက် စစ်အင်အား တစ်သိန်းရှိသော စစ်တပ်ကြီးကို စေလွှတ်ရ၏ ။ ကီလိုမီတာ ထောင်ပေါင်းများစွာ ရောက်အောင် ချီတက်စေရ၏ ။ ထို့ကြောင့် ပြည်သူလူထုနှင့် ပြည်နယ်အသီးသီးမှ တစ်နေ့လျှင် ရွှေစပေါင်း တစ်ထောင်မျှ ကုန်ကျရ၏ ။ ဤနည်းဖြင့် နယ်စပ်၏ အတွင်းနှင့်အပြင် နှစ်ခုစလုံးတွင် ထိခိုက်နစ်နာကြရ၏ ။ ပြည်သူတို့ လမ်းများပေါ်တွင် မောပန်းနွမ်းနယ်ကြရ၏ ။ မိသားစုဝင် ခုနှစ်သိန်းကျော်၏ လယ်ယာလုပ်ငန်းများလည်း ထိခိုက်ပျက်စီးကြရသည် ။
***
နေ့တစ်နေ့တည်းတွင် အောင်ပွဲခံနိုင်ရေး အတွက် စစ်သည်များသည် နှစ်ပေါင်းများစွာ ရန်သူနှင့် ထိပ်တိုက် တိုက်ခိုက်နေရသည် ။ စစ်သူကြီးတို့သည် ရာထူးများ ကြီးမားစွာ ရရှိပြီး ရွှေစ အသပြာများ ရရှိ ခံစားနေရသော်လည်း ရန်သူ၏ အခြေအနေကို သိနားလည်အောင် မပြုကြချေ ။ ရှက်ဖွယ်ကောင်းလှသည့် အချက်ပင် ။ ထိုစစ်သူကြီးမျိုးသည် ပြည်သူတို့အတွက် စစ်သူကြီး နိုင်ငံအကြီးအကဲအတွက် အထောက်အကူပြု ပုဂ္ဂိုလ်မျိုး မဖြစ်နိုင်ချေ ။ အောင်ပွဲခံနိုင်ရေး အတွက်လည်း ဝေးလွန်းလှသည် ။
***
အမြော်အမြင်ကြီးမားသော နိုင်ငံအကြီးအကဲများနှင့် ပညာဥာဏ်ပြည့်ဝသော စစ်သူကြီးများသည် သူတစ်ပါးအပေါ် အနိုင်ရရှိပြီး အောင်ပွဲ များခံနိုင်ရေးမှာ ကြိုတင်သိရှိထားမှုပင် ဖြစ်သည် ။ ကြိုတင်သိရှိထားမှုကို မည်သည့် တစ္ဆေများ ဝိညာဉ်များထံမှ မရနိုင် ။ နတ်သိကြားများက မပေးနိုင် ။ အလိုအလျောက် မရနိုင် ။ ကြိုတင်သိရှိထားမှုကို ရန်သူ၏ အခြေအနေမှန်ကို နားလည်သည့် လူများထံမှသာ ရရှိနိုင်သည် ။
***
ကြိုတင်သိရှိနိုင်ရေးအတွက် အသုံးပြုနိုင်မည့် သူလျှို ငါးမျိုးရှိသည် ။ ဒေသခံသူလျှို ( local spy ) အတွင်းသူလျှို ( internal spy ) ဘက်ပြောင်း သို့မဟုတ် နှစ်ဘက်ချွန် သူလျှို ( turned spy or double agent ) အသေခံ သူလျှို ( dead or expendable spy ) နှင့် တာဝန်ပေး စေလွှတ်ထားသော သူလျှို ( living spy ) ဟူ၍ ဖြစ်သည် ။
အဆိုပါ သူလျှို ငါးမျိုးကို အသုံးပြု ထောက်လှမ်းစေသောအခါ ယင်းသို့ စေလွှတ်ထားသော သူတို့၏ စိတ်ဓါတ်အခြေအနေကို မည်သူမျှ မသိရှိသောအခါ အဆိုပါစနစ်ကို ဂမ္ဘီရဆန်ဆန် နည်းစနစ်ဟု မှတ်ယူတတ်ကြသည် ။ သူလျှို ငါးမျိုးသည် အုပ်စိုးသူ၏ အဖိုးတန်ရတနာများပင် ဖြစ်ကြသည် ။
***
ဒေသခံသူလျှို ဒေသခံ ခရိုင်အတွင်းမှ လူများကို ထောက်လှမ်းခိုင်းခြင်း ဖြစ်သည် ။
***
အတွင်းသူလျှို
အစိုးရ ရာထူးရာခံများကို ထောက်လှမ်းနေရသူများ ဖြစ်သည် ။
***
ဘက်ပြောင်းသူလျှို
ရန်သူ၏ သူလျှိုများကို ခေါ်ယူတာဝန်ပေးခြင်း ဖြစ်သည် ။
***
အသေခံသူလျှို
နိုင်ငံပြင်ပတွင် နိုင်ငံနှင့် ပတ်သက်သော သတင်းမှားများကို ရန်သူကို လှည့်စားရန် ဝါဒဖြန့်ပေးရသူ ဖြစ်သည် ။ သတင်းမှားများကို ရန်သူ့ထံပေါက်ကြားရန် ရည်ရွယ် သတင်းဖြန့်ရသူ ဖြစ်သည် ။ ရန်သူ ဖမ်းမိသတ်ဖြတ်ခံရသည့်တိုင် မိမိနိုင်ငံနှင့် ပတ်သက်၍ သတင်းမှားများကိုသာ ဖွင့်ပြောသွားခဲ့သူမျိုး ဖြစ်သည် ။
***
တာဝန်ပေးစေလွှတ်သော သူလျှို
ရန်သူ့နယ်မြေတွင်း ဝင်ရောက်ကာ သတင်းရယူပြီး အသက်ရှင်လျက် ပြန်လည်ရောက်ရှိနိုင်သော သူလျှို ဖြစ်သည် ။
***
သူလျှိုများထက် တပ်မတော်ကြီး သုံးရပ်နှင့် ပတ်သက်၍ ပိုမိုရင်းနှီး နားလည်သူ မရှိတတ်ပေ ။ သူလျှိုများထက် မည်သူများက ဆုလာဘ်များ ပိုမို များများစားစား ရသည် ။ သူလျှိုများ၏ ဆက်ဆံရေးသည် စစ်သည်တော်များ၏ ဆက်ဆံရေးထက် ပိုမိုရင်းနှီးကျွမ်းဝင်မှု ရှိသည် ။ သူလျှိုများနှင့် ပတ်သက်သော အချက်အလက်များသည် အခြားသူများထက် ပိုမို၍ လျှို့ဝှက်မှုရှိသည် ။
***
လျှို့ဝှက်ထောက်လှမ်းရေးလုပ်ငန်း ကွပ်ကဲစီမံသူသည် ပညာအမြော်အမြင် ရှိရသည် ။ စာနာတတ်ရမည် ။ တရားမျှတရမည် ။ သိမ်မွေ့ရမည် ။ ကျစ်လျစ်၍ အကင်းပါးရမည် ။ ယင်း အရည်အချင်းနှင့် ပြည့်စုံမှသာ သူလျှိုတာဝန် ပေးနိုင်လိမ့်မည် ။
သူလျှိုမလွှတ်သင့်သော နေရာဟူ၍ မရှိပေ ။
***
အကယ်၍ လျှို့ဝှက်စစ်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍ အချိန်မတိုင်မီ ပေါက်ကြားသွားခဲ့ပါက သတင်းပေးပို့ခဲ့သူ သူလျှိုနှင့် သတင်းလက်ခံခဲ့သူတို့အား သုတ်သင်ပစ်ရမည် ။
***
ယေဘုယျအားဖြင့် ရန်သူတပ် တစ်တပ်ကို တိုက်ခိုက်ချေမှုန်းရန်ဖြစ်စေ မြို့တစ်ခုသိမ်းယူရန်ဖြစ်စေ တစ်ဦးတစ်ယောက်အား လုပ်ကြံသတ်ဖြတ်ရန်ဖြစ်စေ ပထမဦးစွာ အဆိုပါ စစ်ဒေသနယ်မြေမှူး ဦးစီးအရာရှိများ သက်တော်စောင့်များ အမည်ကို ကြိုသိထားရမည် ။ မိမိတို့၏ သူလျှိုများအား ထိုဒေသသို့ စေလွှတ်၍ ကြိုတင်ထောက်လှမ်းခိုင်းထားရမည် ။
***
မိမိတို့အပေါ် ထောက်လှမ်းလျက်ရှိသည့် ရန်သူ၏ ထောက်လှမ်းရေး သူလျှိုများကို ရှာဖွေဖော်ထုတ်နိုင်ရမည် ။ မိမိဘက်၌ အမှုထမ်းရန် သိမ်းသွင်းနိုင်ရမည် ။ အကြိုက်ပေးပြီး မိမိ ပေးအပ်သည့်တာဝန်အတိုင်း ဆောင်ရွက်ပေးရန် ညွှန်ကြားရမည် ။ သူ့လူကိုယ့်ဘက်သား သူလျှို ( ဘက်ပြောင်းသူလျှို ) ကို ဤနည်းဖြင့် ရရှိ တာဝန်ပေးအပ်နိုင်သည် ။ ဘက်ပြောင်းသူလျှိုများထံမှ ရရှိသည့် သတင်းများမှ တစ်ဆင့် ဒေသခံနှင့် အတွင်းသူလျှိုများကို စုဆောင်းနိုင်သည် ။ အဆိုပါ သတင်းများမှတစ်ဆင့် အသေခံသူလျှိုများသည် သတင်းမှားများကို ထုတ်လွှင့်နိုင်သည် ။ ရန်သူအား သတင်းမှားများဖြင့် လှည့်စားနိုင်သည် ။ ရန်သူ့ထံမှရရှိသော သတင်းများကို တာဝန်ပေးစေလွှတ်ထားသူများက အသက်ရှင်၍ ဆောင်ကြဉ်းပေးနိုင်သည် ။
***
အုပ်စိုးသူသည် သူလျှိုငါးမျိုး၏ လုပ်ရပ်များကို သိနားလည်ထားရမည် ။ ယင်းသို့ သိရှိရန် နိုင်ငံအကြီးအကဲသည် ဘက်ပြောင်းသူလျှိုများအပေါ် အမှီအခို ပြုရမည် ။ သူတို့အား လစာရိက္ခာ ရက်ရက်ရောရော ပေးရမည် ။
***
ယင်းကဲ့သို့ ထောက်လှမ်းရေးသူလျှိုများထံမှ ရန်သူ့သတင်းများ ရရှိနိုင်ခဲ့လျှင် အမြော်အမြင် ကြီးမားသော အုပ်စိုးသူနှင့် ပညာဥာဏ်ပြည့်စုံသော စစ်သူကြီးများသည် ကြီးမားစွာ အောင်ပွဲများ မလွဲမသွေ ခံယူနိုင်ပေလိမ့်မည် ။ ဤသည်ပင် ကောင်းမွန် စည်းစနစ်ကျသော တပ်ဖွဲ့ကြီးတစ်ခု၏ အနှစ်သာရပင် ဖြစ်သည် ။ တပ်မတော်ကြီးသုံးရပ် အားထားလှုပ်ရှားရမည့် အရည်အသွေး တစ်ရပ်ပင် ဖြစ်ပေသည် ။
***
Time in Rangoon 





Myanmar Kyat Converter
We Love Sayar A.Yarma !
ReplyDelete