***
ရန်သူသည် အင်အားများပြီး စည်းစနစ်ကျနကာ မိမိ၏ တပ်ရှိရာဘက်သို့ ချီတက်လာရန် ပြင်ဆင်နေသည် ဆိုပါစို့ ။ ထိုအခါမျိုးတွင် ရန်သူတို့ တန်ဖိုးထားသည့် တစ်စုံတစ်ခုကို လက်ဦးမှုရအောင် သိမ်းယူပြီး မိမိစကားကို မိမိအမိန့်ကို နာခံလာအောင် ပြုရသည် ။
***
အရှိန်လျင်မြန်မှုသည် တပ်တစ်တပ်၏ အရေးအပါဆုံး သဘောသဘာဝ ဖြစ်သည် ။ ရန်သူ၏အလစ်ကို အငိုက်ဖမ်းနိုင်ရသည် ။ ရန်သူတို့ ကြိုတင်ခန့်မှန်းထားသော လမ်းကြောင်းမှ မချီတက်ဘဲ အခြားလမ်းကြောင်းမှ ချီတက်ရသည် ။ ရန်သူတို့ သတိအနေအထား မရှိချိန်တွင် တိုက်ခိုက်ရသည် ။
***
ယေဘုယျအားဖြင့် ရန်သူ၏ နယ်နိမိတ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်သောအခါ မိမိ၏ တပ်ကြီးသည် စုစည်းမိနေလိမ့်မည် ။ ထိုအခါမျိုးတွင် ရန်သူက မိမိအပေါ် အနိုင်ယူတော့မည် မဟုတ်ချေ ။ မိမိ၏ တပ်သားများကို ကောင်းမွန်စွာ ကျွေးမွေးပြုစုပြီး ပိုမိုလွန်ကဲစွာ မခိုင်းစေသင့်ပေ ။ သို့မှသာ စိတ်ဓါတ်အချင်းချင်း စုစည်းညီညွတ်ကြပြီး အင်အားလည်း အကောင်းဆုံးအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည် ။
***
မိမိ၏တပ်များကို စုစည်းပြီး မဟာဗျူဟာ စီမံချက်များ ချမှတ်သောအခါ ရန်သူများ မရိပ်မိနိုင်လောက်အောင် ကျစ်လျစ်သိပ်သည်းရမည် ။
***
အကယ်၍ မိမိ၏ စစ်သည်များသည် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရဲဝံ့စွာ တိုက်ခိုက်ခဲ့လျှင် အသက်ရှင်စွာ ကျန်ရစ်နိုင်သည် ။ အကယ်၍ လုံ့လဝီရိယ ကြီးမားစွာ မတိုက်ခိုက်ခဲ့ကြပါက ပျက်စီးဆုံးရှုံးမှု နှင့် တွေ့ရလိမ့်မည် ။ ဤသည်ပင် မရဏစစ်မြေပြင်၏ သဘော သဘာဝ ပင်ဖြစ်သည် ။ ရောက်ရှိနေသောနေရာမှ မည်သည့်နေရာသို့မျှ ထွက်ပြေးစရာမရှိသည့် နေရာမျိုးတွင် တိုက်ခိုက်စေပါက နောက်မဆုတ်နိုင်တော့ဘဲ အသက်စွန့်သွားကြလိမ့်မည် ။ သေဘေးကို မည်သို့မျှ လွတ်အောင် မရှောင်နိုင်မှန်း သိသွားသောအခါ အရာရှိများနှင့် တပ်သားများသည် အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည် ။
***
အရာရှိများနှင့် စစ်သည်များသည် ရန်သူ၏ နယ်မြေအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်မိသောအခါ တစ်ဦးနှင့်တစ်ဦး စုစည်းမိအောင် ကြိုးပမ်းလိမ့်မည် ။ ဤသို့မျှ စုစည်းနိုင်မှု မပြုနိုင်သောအခါ သူတို့သည် သေသေကြေကြေ တိုက်ခိုက်ကြလိမ့်မည် ။ ယင်းသည်ပင် အဝိုင်းခံရသောအခါ ခုခံကာကွယ်ခြင်း မရှောင်မလွဲသောအခါ အားကြိုးမာန်တက် တိုက်ခိုက်ခြင်း အခြေအနေ ဖန်တီးလာသောအခါ အမိန့်ပေးသမျှ လိုက်နာဆောင်ရွက်ခြင်း စသည်တို့မှာ စစ်တပ်၏ သဘော သဘာဝ ပင် ဖြစ်သည် ။
***
အထက်ပါ အကြောင်းများကြောင့် မည်သို့မည်ပုံ လုပ်ရမည်ဟု လမ်းညွှန်ချက် ပေးမထားသော်လည်း ပေးထားသကဲ့သို့ အသင့်အနေအထား ရှိနေတတ်သည် ။ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိနေလိမ့်မည် ။ မတိုက်တွန်း မခိုင်းစေဘဲ အချင်းချင်း ညီညွတ်စွာ ရှိကြလိမ့်မည် ။ အမိန့်များ ထုတ်ပြန်ကြေငြာခြင်း မပြုဘဲ ခိုင်းလိုက်လျှင် လုပ်ကြမည် ဟူ၍ ယုံကြည် အားထားနိုင်ရမည် ။ တပ်အတွင်း အတိတ်ဆိုး နိမိတ်ဆိုးများအပေါ် ယုံကြည်မှု မရှိအောင် တားမြစ်ရမည် ။ ယုံမှား သံသယ စိတ်မဝင်အောင် ဆောင်ရွက်ရမည် ။ သို့မှသာ အရာရှိများနှင့် စစ်သည်များသည် အခြား မည်သည့်အတွေးများ ဝင်ရောက်ခြင်း မရှိဘဲ ရဲဝံ့စွာ အသေခံသွားကြလိမ့်မည် ။
***
အကယ်၍ စစ်သည်များ ကျဆုံးသွားရလျှင် အသက်ရှင်မှုကို ရွံ့မုန်း၍ သေဆုံးသွားခြင်း မဟုတ်ကြောင်း သိရမည် ။ ရန်သူကို သွားရောက်တိုက်ခိုက်ရန် အမိန့်များထုတ်ပြန်သောနေ့တွင် ထိုင်နေသည့် စစ်သည်များ၏ လက်မောင်းများတွင် မျက်ရည်များ စိုရွှဲနေလိမ့်မည် ။ မည်သို့ပင်ဖြစ်စေ သူတို့အား မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေသို့ တွန်းပို့လိုက်သည့်တိုင် ရဲဝံ့စွာ တိုက်ခိုက် သေဆုံးကြလိမ့်မည် ။
***
စစ်သည်တို့၏ ရဲစွမ်းသတ္တိကို စုစည်း အကောင်အထည်ဖော်ကာ နယ်မြေအနေအထား ကြမ်းတမ်းခြင်း လွယ်ကူခြင်း ကို လိုက်၍ သင့်တော်မျှတသလို တာဝန်ခွဲဝေ ချထားစေသင့်သည် ။
***
တပ်များ နေရာချထားမှု ကျွမ်းကျင်သူတစ်ဦး စစ်သည်အားလုံးကို လူတစ်ဦးတစ်ယောက်တည်း အဖြစ် သဘောထားကာ စုစည်းခိုင်းစေတတ်ရမည် ။ သို့မှသာ တာဝန်ကို ရှောင်တိမ်းနိုင်တော့မည် မဟုတ်ချေ ။
***
စစ်သူကြီးတစ်ဦး အနေဖြင့် စိတ်တည်ငြိမ်ရန် လျှို့ဝှက်ရန် စိတ်ထားဖြောင့်မတ်ရန် နှင့် စည်းကမ်းအရာ၌ စံပြနမူနာဖြစ်စေရန် အရေးကြီးသည် ။ အရာရှိများနှင့် စစ်သည်များကို မိမိ၏ စီမံထားချက်များ လုံးဝ မပေါက်ကြားအောင် မသိရှိအောင် ပြုထားရမည် ။ အခြားသူများ မသိရှိအောင် မိမိ၏ပြဿနာများ ထိန်းချုပ်ထားမှုကို လိုအပ်သလို ပြောင်းလဲရသည် ။ မဟာဗျူဟာများကို လိုအပ်သလို ပြောင်းလဲပစ်ရသည် ။ မိမိ၏စီမံထားချက်များကို ရန်သူများ ကြိုတင်ခန့်မှန်းမှု မပြုနိုင်ရန် တပ်ချထားမှုလမ်းကြောင်း ပြောင်းလဲ ချီတက်စေမှုကို ဆောင်ရွက်တတ်ရသည် ။
***
ထိုအခိုက်အတန့်သည် စစ်သူကြီး၏ လိုသလို ဆောင်ရွက်နိုင်ခွင့်ရှိသော အချိန်အခါပင်ဖြစ်သည် ။ ဘုရင့်နောင် ဖောင်ဖျက်ပစ်သကဲ့သို့ စစ်သည်များကို အမြင့်ပိုင်းသို့ တက်ခိုင်းပြီး လှေကားကို ဖြုတ်ပစ်နိုင်စွမ်း ရှိရမည် ။ စစ်သူကြီးကိုယ်တိုင် ရန်သူ့နယ်မြေအတွင်း နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပြီး မိမိလိုသလို တာဝန်ပေး စေခိုင်းတတ်ရမည် ။ စစ်သည်များကို သိုးတစ်အုပ် မောင်းသွားသကဲ့သို့ လိုအပ်သလို ရှေ့တိုးနောက်ငင် မောင်းနှင်စေခိုင်းတတ်ရမည် ။ သို့ရာတွင် ယင်းသို့ အပြုခံရသောအခါ စစ်သည်များသည် မိမိတို့ မည်သည့်ဘက်သို့ ဦးတည်သွားရောက်နေကြောင်း မသိအောင် ပြုရမည် ။
***
တပ်ကြီးသုံးသွယ်ကို စုစည်းခြင်း ရန်သူ့နယ်မြေအတွင်းသို့ စေလွှတ်တိုက်ခိုက်နေခြင်းသည် စစ်သူကြီး၏ တာဝန်ယူ ဆောင်ရွက်နေရခြင်းပင် ဖြစ်သည် ။
***
လိုအပ်သလို ကျုံ့ခြင်း တိုးချဲ့ခြင်း စသည့် အခွင့်အရေးများ လိုသလို ဆောင်ရွက်နိုင်သည့် စစ်မြေပြင် အနေအထားကိုးမျိုးနှင့် လူ့စိတ် ခံစားမှု အသွင်သဏ္ဌာန် အမျိုးမျိုးကို သိနားလည်အောင် ပြုရသည် ။
***
ရန်သူ၏ စီမံထားချက်များကို နားမလည်သူသည် မဟာမိတ်များဖွဲ့ထားရန် ကြိုတင်ပြင်ဆင်ထားနိုင်လိမ့်မည် မဟုတ်ပေ ။ တောတောင်များ ချောက်ကမ်းပါးများ နွံတော ရွှံ့တောများ ရှိရာကို သိမထားလျှင် စစ်ကစားရန် အခက်အခဲ တွေ့လိမ့်မည် ။ ဒေသခံ လမ်းပြမပါလျှင် ထိုနယ်မြေအကြောင်း သိနားလည်ခွင့် ရရှိလိမ့်မည် မဟုတ်ပေ ။ ဖော်ပြပါ အချက်လေးချက် သို့မဟုတ် ငါးခုထဲမှ အချက်တစ်ချက်ကိုပင် မသိသူသည် နိုင်ငံတော်နှင့် အုပ်စိုးသူ၏ တပ်ကြီးကို စုစည်း ကွပ်ကဲနိုင်ဖွယ် မရှိချေ ။
***
နိုင်ငံတော်နှင့် အုပ်စိုးသူ၏ တပ်ကြီးသည် နိုင်ငံကြီးတစ်နိုင်ငံအား သွားရောက်တိုက်ခိုက်သောအခါ ထိုနိုင်ငံ၏ ပြည်သူတို့ ကစဥ့်ကလျားဖြစ်သွားလိမ့်မည် ။ ထိုအခါ ရန်သူ၏ အခက်အခဲကြောင့် အခြားသူများနှင့် မဟာမိတ်ဖွဲ့ရန် မဖြစ်နိုင်တော့ချေ ။ ထို့ကြောင့် မိမိအင်အားကို အထက်မြက်ဆုံး ဖြစ်အောင် ယုံကြည် တိုးမြှင့်ပေးရန် လိုအပ်သည် ။ ရန်သူကို အခက်ကြုံစေရမည် ။ ဤနည်းဖြင့် ရန်သူ၏မြို့ပြများကို သိမ်းပိုက်နိုင်ပြီး ထိုနိုင်ငံကို လက်အောက်ခံဘဝသို့ သွတ်သွင်းနိုင်လိမ့်မည် ။
ထုံးစံအရ ယခင်က မရှိခဲ့ဖူးသော ဆုများ တံဆိပ်များကို ပေးရမည် ။ မိမိ၏ တပ်မတော်ကြီး တရပ်လုံးကို လူတစ်ယောက်တည်းအပေါ် ကွပ်ကဲစီမံသည့်နည်းအတိုင်း လမ်းညွှန်စေခိုင်းရသည် ။ တာဝန်များကို ပေးအပ်ပြီး မည်သည့် အကြောင်းကြောင့် ပေးအပ်ရကြောင်း ရှင်းပြရန် မလိုပေ ။ ဆုပေးစနစ်ကိုသာ သိစေရမည် ။ ဒဏ်ပေးစနစ်ကို မသိစေရ ။
***
မိမိ၏စစ်သည်များကို မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေထဲသို့ စေလွှတ်တိုက်ခိုက်စေခဲ့လျှင် မိမိတို့ကိုယ်မိမိတို့ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်လိမ့်မည် ။ မရဏနယ်မြေ အနေအထား အတွင်းသို့ ထွင်းဖောက်ဝင်ရောက်နေစေခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိ အသက်ရှင်သန်အောင် ဆောင်ရွက်နိုင်လိမ့်မည် ။ အန္တရာယ်နယ်မြေ အနေအထားအတွင်းသို့ ထွင်းဖောက်ဝင်ရောက်လာနိုင်သည် နှင့်အမျှ အရှုံးထဲမှ အမြတ်ကို ရှာဖွေ ရရှိနိုင်လိမ့်မည် ။
***
စစ်မှုရေးရာ ထမ်းရွက်မှုသည် ရန်သူ၏ ရည်ရွယ်ချက်များကို အသေးစိတ် သိနားလည်ထားမှုအပေါ် မူတည်သည် ။ မိမိ၏ တပ်အင်အားကို ယုံကြည်ကိုးစားမှုရှိလျှင် ဝေးဝေးလံလံအထိ ဝင်ရောက်တိုက်ခိုက်ပြီး ရန်သူစစ်သူကြီးကိုပင် သတ်ဖြတ်ပစ်နိုင်သည် ။ ဤသည်ပင် စစ်ရေးစစ်ရာကိစ္စများ ဆောင်ရွက်ရာတွင် ဦးစီးကွပ်ကဲသူ၏ ကျွမ်းကျင်မှု အစွမ်းထက်မြက်မှုကို ဖော်ပြခြင်းပင် ဖြစ်သည် ။
***
ဆိုအပ်ခဲ့သော အကြောင်းများကြောင့် ရန်သူအပေါ် စတင်တိုက်ခိုက်ခဲ့သော နေ့မှစ၍ နယ်စပ် လမ်းကူးများအနီးအထိ ရောက်အောင် ချီတက်ရမည် ။ နယ်စပ်လမ်းကူးများကို ပိတ်ဆို့ ဖျက်ဆီးပစ်ရမည် ။ ရန်သူ၏ သံတမန်များ ဝင်ရောက်မှုကိုလည်း ပိတ်ပင်ရမည် ။ စီမံချက်များအတိုင်း ဆောင်ရွက်နိုင်အောင် အဆက်မပြတ် ဆွေးနွေးတိုင်ပင်ရမည် ။
***
ရန်သူဘက်မှ လမ်းပွင့်သွားခဲ့သော် မလွတ်တမ်း တိုက်ခိုက်ချေမှုန်းပစ်ရမည် ။
***
ရန်သူတန်ဖိုးထားသော အရာကို လက်ဦးမှုရအောင် တိုက်ခိုက်ရမည် ။ တိုက်ခိုက်မည့်အချိန်ကို ရွေးချယ် သတ်မှတ်ခြင်း ရန်သူနှင့် ပတ်သက်၍ သုံးသပ်မှု ဝေဖန်မှု ပြုမနေရပေ ။ သို့မှသာ စစ်ပွဲ၏ မဟာဗျူဟာကို တိကျစွာ ချမှတ်ဆောင်ရွက် နိုင်လိမ့်မည် ။
***
သို့ဖြစ်ရကား ပထမပိုင်းတွင် အိမ်တွင်းပုန်း အပျိုစင်တစ်ဦးကဲ့သို့ လျှို့ဝှက် သိပ်သည်းစွာ နေထိုင်ပါ ။ ရန်သူဘက်က လမ်းပွင့်သွားပြီ ဆိုပါက ထွက်ပြေးသွားသော ယုန်တစ်ကောင်၏ အရှိန်အဟုန်ဖြင့် ရန်သူ့အပေါ် အငိုက်ဖမ်း တိုက်ခိုက်ချေမှုန်းပစ်ရမည် ။ သို့မှသာ ရန်သူအနေဖြင့် ဦးမော့လာနိုင်စရာ မရှိတော့ချေ ။
***